မန်စီးတီးအသင်းက ၎င်းကိုမလိုအပ်တော့ဟု ဂိုးသမားဂျိုးဟတ် ပြော

မန်စီးတီးအသင်းက ၎င်းကိုမလိုအပ်တော့ဟု ဂိုးသမားဂျိုးဟတ် ပြော

မတ် ၁၀၊ အီတလီ ။              ။ မန်စီးတီးအသင်းမှ တိုရီနိုအသင်းသို့ အငှားသွားရောက်ကစားနေသည့် အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျိုးဟတ်က ၎င်းအား မန်စီးတီးအသင်းမှ မလိုအပ်တော့ကြောင်းနှင့် မန်ချက်စတာကလပ်တွင် နောက်တစ်ကြိမ်ပြန်ကစားခွင့်ရတော့မည်မဟုတ် ကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသို့ နည်းပြဂွါဒီယိုလာရောက်လာပြီးနောက်တွင် ပထမဂိုးသမားနေရာအတွက် ဘာစီလိုနာဂိုးသမား ဘရာဗိုကို ခေါ်ယူခဲ့သောကြောင့် ဂျိုးဟတ်မှာ တိုရီနိုအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သည်။

‘ကျွန်တော့်ရဲ့မိခင်ကလပ်အသင်းက အခုအချိန်မှာ ကျွန်တော့်ကို မလိုအပ်တော့ပါဘူး။ နည်းပြ ဂွါဒီယိုလာက ကျွန်တော့်ရဲ့ဘဝကို ဖျက်ဆီးခဲ့တာလည်း မဟုတ်ပါဘူး။ သူက သူမှန်တယ်လို့ ထင်တဲ့အရာကို ပြုလုပ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်က သူ့ကို နည်းပြတစ်ဦးအနေနဲ့အောင်မြင်မှု ရရှိစေမယ်လို့ ထင်တဲ့အတွက် သူလုပ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကျွန်တော်နှစ်သက်ပါတယ်။ အကြွင်းမဲ့ နှစ်သက်တာပါ။ တကယ်ကိုကောင်းမွန်တဲ့ပြိုင်ပွဲကြီးဖြစ်ပြီး ကစားပုံကလည်း တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က   ဘောလုံးကစားရတာကို ချစ်မြတ်နိုးတဲ့သူပါ။ မန်စီးတီးမှာက ဘောလုံးကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘောလုံးကစားရမယ့် ဘယ်နေရာကို ဖြစ်ဖြစ် ကျွန်တော်သွားမှာပါ။ အဲ့ဒီနေရာကို ကျွန်တော့်အိမ်လုပ်ပါမယ်။ ကျွန်တော့်ရဲ့ အရေးအကြီးဆုံးဆန္ဒကတော့ ဂိုးသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုလိုအပ်တဲ့အသင်းမှာ ဘောလုံးကစားဖို့ပါ’ ဟု ဂျိုးဟတ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags