ဂျာမနီရှိ ရထားဘူတာ၌ ပုဆိန်သမား၏ တိုက်ခိုက်မှုကြောင့် လူ ရ ဦးခန့် ဒဏ်ရာရရှိခဲ့

ဂျာမနီရှိ ရထားဘူတာ၌ ပုဆိန်သမား၏ တိုက်ခိုက်မှုကြောင့် လူ ရ ဦးခန့် ဒဏ်ရာရရှိခဲ့

ပြီးခဲ့သော ကြာသာပတေးနေ့အနှောင်းပိုင်းတွင် ဂျာမနီရှိ ဒက်ဆယ်ဒေါ့ဖ်မြို့မှ မီးရထားဘူတာ၌ ပုဆိန်ကိုင် ဆောင်ထားသော စိတ်ရောဂါဝေဒနာသည် တစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူပေါင်းရဦးခန့် ဒဏ်ရာရရှိခဲ့ရကြောင်း ဂျာမနီရဲများက ပြောခဲ့သည်။

အစောပိုင်းတုန်းက ရဲများသည် တိုက်ခိုက်သူအများအပြားပါ၀င်ခဲ့ကြောင်းနှင့် လူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ပြောခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါတိုက်ခိုက်မှုကို အသက်၃၆နှစ်အရွယ်ရှိ လူတစ်ဦးကသာ ကျူးလွန်ခဲ့သည်ဟု ပြောခဲ့သည်။

“ဒေသစံတော်ချိန် ည ၈:၅၀ နာရီခန့်မှာ ပုဆိ်န်ကိုင်ဆောင်ထားသော ရန်ပြုသူတစ်ဦးသည် မြင်မြင်သမျှလူကို လိုက်လံခုတ်ခဲ့ပါတယ်” ဟု မြို့တော်ရဲများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဒါ့အပြင် အစောပိုင်းတုန်းက ဒဏ်ရာရရှိသူ ၅ဦးခန့်ရှိသည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ရဦးခန့် ရှိသည်ဟု ပြင်ဆင်ပြောခဲ့သည်။

ထိုပုဆိန်သမားသည် တံတားပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ပြုတ်ကျမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုသူ၏ အခြေအနေမှာ စစ်ဆေး မေးမြန်းနိုင်သော အခြေအနေမဟုတ်သေးကြောင်း ဂျာမန်သတင်းဌာန ဒီပီအေ မှ ပြောခဲ့သည်။

လက်ရှိတွင် အထူးရဲများအပါအဝင် ရဲအများအပြားကို ရထားဘူတာရုံ၌ တပ်ဖြန့်ချထားပြီး ရထားခရီးစဉ်များကို လည်း ရပ်နားထားကြောင်း သိရသည်။

“ဒက်ဆယ်ဒေါ့ဖ်မြို့မှ ဗဟိုမီးရထားဘူတာရုံမှာ အနှောင့်အယှက် တစ်စုံတစ်ရာရှိခဲ့ပါတယ်။ ရထားတွေကို ဘယ်အချိန်မှာ ပြန်လည် ပြေးဆွဲနိုင်မလဲဆိုတာကို ကျနော်တို့ မပြောနိုင်သေးပါဘူး” ဟု   ဒေသတွင်း ရဲတပ်သား တစ်ဦးက တွစ်တာတွင်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly