မြန်မာနိုင်ငံမှာ ရှင်သန်လာတဲ့ အောက်လမ်းနည်းများ

မြန်မာနိုင်ငံမှာ ရှင်သန်လာတဲ့ အောက်လမ်းနည်းများ

အိမ်ထောင်ရေး ဖောက်ပြန်နေသူ ခင်ပွန်း၊ မယားကို  မိမိဘက် စိတ်ပြန်လည်လာအောင်လို့ ဂါထာမန္တာန်နဲ့ ပြုစားခြင်း၊ နတ်ဝင်ပူးကပ် စကားပြောဆိုခြင်း စတာတွေနဲ့အတူ နိုင်ငံမှာ နတ်ဝင်သည်တွေ၊ အနာဂတ် ဟောသူတွေနဲ့ မှော်ပညာသည်တွေကို ယုံကြည်တဲ့ အလေ့ တစ်ခေတ်ပြန်လည် စန်းထလာနေပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဗုဒ္ဓဘာသာအပေါ်မှာပဲ လူအများစုက သက်ဝင်ယုံကြည် ကြတယ် ဆိုပေမယ့်လည်း စစ်အုပ်ချုပ်ရေးကာလ ကုန်ဆုံးပြီးချိန်ကတည်းက အထက်ပါ အလေ့အထတွေ ပြန်လည် တစ်ခေတ်ဆန်း လာနေပြန်တာ ဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် မဝင်းဝင်းအေး ဟာဆိုရင် နတ်ဝင်သည် အလုပ်ကို အချိန်ပိုင်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့တော့ နတ်တွေနဲ့အကူအညီနဲ့ လူတွေကို နာမကျန်းဖြစ်မှု ရောဂါဘယ တွေကို ကုသပေးတာမျိုးနဲ့ ဆဲရေး ကျိန်ဆဲပေးတာမျိုး လုပ်ပေးနေတယ်လို့ ပြောပါတယ်။

" ကျွန်မကို ၀င်ပူးနေပြီဆိုတာ ကျွန်မ သိလိုက်တယ်၊ အဲဒီအချိန်မှာ ကျွန်မတစ်ခုခုကို ပြောချင်တယ်၊ ဒါပေမယ့် ပါးစပ်က စကားတွေ ထွက်မရဘူး ဖြစ်နေတယ်၊ ကျွန်မကို ခန္ဓာကိုယ်မှာ တစ်ခုခု ရှိနေ သလိုမျိုးပေါ့နော်၊ ကျွန်မခန္ဓာကိုယ်ကို ကျွန်မ မပိုင်တော့ဘူး၊ ကျွန်မခန္ဓာကိုယ်မှာ ရှိနေတဲ့ တစ်ယောက်ယောက်က သူပြောချင်တာ ၀င်ပြောနေတာပါပဲ" လို့ သန်လျင်မြို့က သူမနေအိမ်မှာ အေအက်ဖ်ပီကို ရှင်းပြပါတယ်။

ကိုလိုနီခေတ်အတွင်းကတော့ လူတော်တော်များများက သူတို့အပေါ် ဖိနှိပ်သူတွေကို ပြန်တိုက်ဖို့ ၀ိဇ္ဇာ၊ မှော်အတတ်စတဲ့ ပညာတွေကို သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၆၂ စစ်တပ်အာဏာသိမ်းတော့ ဒီလို ဂိုဏ်းဂဏအများစု ဖျက်သိမ်းလိုက်ရတာမျိုး၊ ဖြိုခွင်းခံရတာမျိုး တွေ ရှိခဲ့ပါတယ်။

၁၉၅၀ နဲ့ ၆၀ ပြည့်နှစ်အတွင်း ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ မှော်ပညာအပေါ် အယူသည်းတယ်လို့ သိရပြီး သူ့ကိုယ်သူ့ လူငယ်အရွယ် ပြန်ဖြစ်စေနိုင်မယ်လို့ ယုံကြည်ပြီး လင်းပိုင်သွေးနဲ့တောင် ရေချိုးတယ်လို့ ကြားရပါတယ်။

၁၉၈၀ ပြည့်နှစ်မှာဆိုရင် သူဟာ ငွေကြေးတွေကို အပြောင်းအလဲလုပ်ပြီ့း နိုင်ငံစီးပွားရေးကို ပျက်လုနီးပါး ဖြစ်စေခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် စစ်အစိုးရဆီကနေ အာဏာ လွှဲပြောင်းယူချိန်မှာတော့ ယင်း မှော်ပညာဟာ သာမန်ပြည်သူတွေဆီမှာ တစ်ဖန်ပြန်လည် ပွင့်လန်းလာခဲ့ပြန်ပါတယ်။

နတ်ဝိဇ္ဇာသင်တန်းကျောင်းတွေဟာ နိုင်ငံတဝှမ်း ပေါ်ပေါက်လာနေခဲ့ပြီး ပညာသည်တွေဆိုရင်လည်း သူတို့တွေရဲ့ အတတ်ပညာတွေကို ဂျာနယ်တွေ၊ အွန်လိုင်းပေါ်မှာ တင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း တစ်နေရာမှာ ဖွင့်လှစ်ခဲ့တဲ့ မှော်ပညာသင်တန်းကျောင်း ဆရာ လင်းညိုတာရာဟာ သင်တန်းမှာ သူရဲ့ ပညာနဲ့့ပတ်သက်လို့ တွေ့ဆုံရှင်းပြမှုတွေ လုပ်ခဲ့ပါတယ်။ ကောက်ရိုး အရုပ်တစ်ရုပ်ကို အနက်ရောင်တိပ်နဲ့ ပတ်ပြီး မှော်သင်္ကေတနဲ့ ၀ိုင်းကာ ဆွဲထားတဲ့ စက်ဝိုင်းအလယ်မှာ ထားလိုက်ပါတယ်။

သူ့အနေနဲ့ အသက် ငါးနှစ်လောက်ကတည်းက ဒီပညာကို သင်ယူခဲ့တာလို့ ဆိုပါတယ်။" မှော်ပညာ ဆိုတာက သဘာဝတရားကြီးရဲ့  စွမ်းအားကို ရယူတာပါ၊ သဘာဝစွမ်းအား မပါဘဲနဲ့ ကျွန်တော်တို့ ဘာမှ လုပ်မရနိုင်ပါဘူး" လို့ သူက ပြောပါတယ်။

" ဒီပညာမှာ ကိုယ်က ကောင်းတာလုပ်မလား ၊ မကောင်းတာ လုပ်မလား အဲဒီအပေါ်မှာ မူတည်ပါတယ်" လို့ ရှင်းပြပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး လုပ်ဆောင်မှုတွေဟာ မြန်မာ့အသိုင်းအဝိုင်းမှာတော့ သိပ်ပြီး လက်ခံသူ မရှိလှပါဘူး။ ဒါကြောင့် ဆရာလင်းညိုတာရာဟာလည်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly