ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ပထမဆုံး ကျောင်းသင်္ကြန်ပွဲတော် မတ်လ ၁၀ရက်တွင်ကျင်းပမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ပထမဆုံး ကျောင်းသင်္ကြန်ပွဲတော် မတ်လ ၁၀ရက်တွင်ကျင်းပမည်
ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွင်းရှိ မာလာဆောင် (အမျိုးသမီးဆောင်) အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၈ရက် နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၉ ။              ။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ၏ ကျောင်းသင်္ကြန်ပွဲတော်ကြီးအား တက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊   ကျောင်းသင်္ကြန်ဖြစ်မြောက်ရေးကော်မတီမှ  သိရသည်။

(၁)ထပ်ဆောင်အနောက်၊ ၁/၈ ဝန်ထမ်းအိမ်ယာလမ်းတွင် မတ်လ ၁၀ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မနက် ၁၀နာရီမှ စတင်မည်ဖြစ်၍ ရေကစားခြင်းအစီအစဉ်ကို ၁၂ခွဲမှ စတင်ကာ   ကျောင်းဆင်းချိန်အထိ ရေလွှတ်ထားမည်ဖြစ်ကြောင်းလည်းသိရသည်။

ရေကစားမဏ္ဍများပါဝင်မည့်အပြင် အကအလှ သဘာဝ သံချပ် ဟာသများလည်းပါဝင်မည် ဖြစ်ကာ စတုဒီသာကျွေးမွေးမည့်အပြင် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာခွေယိုင် အစရှိသော မုန့်အမျိုးပေါင်း ၂၀ခန့်ကိုလည်း ကျွေးမွေးသွားမည်ဖြစ်သည်။

ထိုနေ့တွင် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း သမဂ္ဂမှ ထုတ်ပြန်ထားပြီး  သင်္ကြန်ပွဲတော်အား လာရောက်ဆင်နွဲရာတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သတ်မှတ်ထားသော ဝတ်စုံဖြင့် သာဝတ်ဆင်လာကြရန်၊ မူးယစ်သောက်စားခြင်းမပြုကြရန်နှင့် ခိုက်ရန်ဖြစ်ပွားခြင်းမပြုကြရန်တို့ ဖြစ်ကြောင်း သိရသည်။

သီချင်းဆိုခြင်းအစီအစဉ်၊ Colour Festival နှင့် Kpop Cover Dance အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly