ကိုရီးယားကျွန်းဆွယ်တွင် လက်နက်စမ်းသပ်ခြင်းနဲ့ စစ်မြူစစ်ကစားနေခြင်းတွေကို ရပ်တန့်ဖို့ တရုတ်တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်တွင် လက်နက်စမ်းသပ်ခြင်းနဲ့ စစ်မြူစစ်ကစားနေခြင်းတွေကို ရပ်တန့်ဖို့ တရုတ်တိုက်တွန်း

ပေကျင်း၊ မတ် ၈ ။         ။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ရပ်ပစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းသွားအောင် အလဲအလှယ်လုပ်သွားသင့်ကြောင်း တရုတ်က မတ် ၈ ရက်မှာ အကြံပြုပြောကြားလိုက်ပါတယ်။

ခုလို လုပ်ဆောင်ခြင်းကပဲ ကိုရီးယားကျွန်းဆွယ်ရဲ့ နိုင်ငံရေးတင်းမာမှုတွေကို လျော့နည်းစေပြီး နှစ်ဖက်စလုံးက စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီ ပြန်ရောက်လာကြမှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက သတင်းစာရှင်းလင်းပွဲမှာ “ နှစ်ဖက်စလုံးက အလျှော့မပေးဘဲ ရှေ့ပဲ ဆက်တိုးနေချင်ကြပုံပေါ်တယ်။”လို့ဆိုပြီး တရုတ်နိုင်ငံရဲ့ လက်ရှိဦးစားပေးမှုက မီးနီပြပြီး နှစ်ဖက်စလုံးကို အရှိန်လျော့သွားစေလိုတာပဲဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစီမံကိန်း ပြဿနာရပ်နဲ့ ပတ်သက်ပြီး ဝန်ယီက “ကိုယ်ဖက်က ရပ်ပစ်မှ တစ်ခြားဖက်ကပါ လိုက်လံရပ်ဆိုင်းခြင်းမှာဖြစ်တယ်။ ဒါကပဲ လုံခြံုရေးပြဿနာအကျပ်ရိုက်နေမှုကနေ ရုန်းထွက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲစားပွဲဝိုင်းတွေဆီ ရောက်ရှိစေမှာဖြစ်တယ်။”လို့ ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံဟာ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေပြီး ဒါကို ရန်စနေတယ်လို့ ရှုမြင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်လေးစင်း ဂျပန်ပင်လယ်တွင်း
ပစ်လွှတ်ခဲ့ပါတယ်။

ဂျပန်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ဖို့ လေ့ကျင့်နေခြင်းလို့ ဆိုထားတဲ့ မြောက်ကိုရီးယားရဲ့ ခုလို ဒုံးကျည်ပစ်လွှတ်မှုတွေကြောင့် စိုးရိမ်မကင်းဖြစ်လာခဲ့ရပါတယ်။

နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေနဲ့ ပတ်သက်ပြီးလည်း ဝန်ယီက စိုးရိမ်မကင်းဖြစ်ရကြောင်း ဆိုပါတယ်။

“ဆွေးနွေးပွဲတွေ ပြန်စဖို့ အခွင့်အရေး ရှိနေသေးတယ်။ နျူကလီးယားလက်နက် ကိုင်ဆောင်ထားခြင်းက လုံခြံုရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို စစ်အင်အားဆိုတာကလည်း နည်းလမ်းမဟုတ်ဘူး။”လို့ ဝန်ယီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly