တိုက်ပွဲများကြောင့် လောက်ကိုင်မှ လားရှိုးသို့ ကားခ ဆယ်ဆ တက်

တိုက်ပွဲများကြောင့် လောက်ကိုင်မှ လားရှိုးသို့ ကားခ ဆယ်ဆ တက်
 လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်ရန်  စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ - အီးပီအေ၊ အေအက်ဖ်ပီ)

ရန်ကုန်၊ မတ် ၈ ။                ။  မြန်မာ-တရုတ် နယ်စပ်ရှိ လောက်ကိုင်မြို့၌ MNDAA လက်နက်ကိုင်အဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား ၂ ရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လောက်ကိုင်မှ လာရှိုးမြို့သို့ ကားခများ ကျပ် ၁ သိန်းထိ ဆယ်ဆ မြင့်တက်ခဲ့ကြောင်း သိရသည်။

အနိမ့်ဆုံး ကျပ်ငွေ ၂၅၀၀၀မှ ၅၀၀၀၀၊ အမြင့်ဆုံး ကျပ် တစ်သိန်းထိ ကားခများ မြင့်တက်ခဲ့ပြီး လက်ရှိတွင် လောက်ကိုင်မှ လားရှိုးသို့ မှန်လုံအလတ်စားနှင့် ဗင်ကားများပြေးဆွဲနေကာ ကားခတက်မှုကြောင့် နေရပ်မပြန်နိုင်သည့်သူများ ကျန်ရှိနေသေးကြောင်း လက်ရှိတွင် လားရှိုးမြို့၊ မန်ဆူကျောင်းတိုက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ဦးနိုင်စိုးက ပြောသည်။

“ ကျွန်တော်က အောင်လံဘက်ကနေ လောက်ကိုင်ကို ကြံသွားခုတ်တာ။ ၈ ရက်လောက်ပဲရှိသေးတယ်။ ခုစစ် ဖြစ်တော့ လားရှိုးသွားမယ်ဆိုတော့ ပိုက်ဆံကလည်း မရှိဘူး။ ကျွန်တော်တို့ရှေ့မှာ ကားခကို တစ်သိန်းလည်း တောင်းတယ်။ ငါးသောင်းလည်း တောင်းတယ်။ ပိုက်ဆံရှိတဲ့သူကတော့ လိုက်သွားတာပေါ့။ ကျွန်တော်တို့က နှစ်သောင်းခွဲနဲ့ ရတယ်ဆိုပေမယ့် လူကများလို့ပါ။ ဒါတောင်မှ ပိုက်ဆံမပြည့်လို့ မှတ်ပုံတင် အပ်ခဲ့ရတယ်။ လောက်ကိုင်မှာလည်း လင်မယား စုံတွဲနှစ်တွဲ ကျန်ခဲ့တယ်။ ပိုက်ဆံ သုံးသောင်းလောက်ပဲ ရှိလို့၊ ကားခ မ လောက်လို့။ တစ်ယောက်ကို အနည်းဆုံး နှစ်သောင်းခွဲဆိုတော့ မလိုက်နိုင်လို့ ကျန်ခဲ့တာ ”ဟု ဦးနိုင်စိုးက ပြောသည်။

ပုံမှန်ကားခနှုန်းမှာ လောက်ကိုင်မြို့မှ လားရှိုးမြို့သို့  အများဆုံး ၁၂၀၀၀ သာ ကျသင့်ပြီး မှန်လုံအလတ်စား ကားများမှာ ယခင်က ကျပ် ၁၀၀၀၀ သာ ကျသင့်သည်ဟု   ဒေသခံအစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

 “ အခုက လားရှိုးထိကို လူတစ်ယောက်ကို တစ်သိန်းတောင်းနေတယ်လို့ ကြားတယ်။ ကားတွေကတော့ ဟိုင်း လတ်တွေရော။ ဗင်ကားတွေရောပေါ့။ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဆိုတော့ သူတို့အနေနဲ့ တစ်သိန်းတောင်းလည်း ပေးသွားကြတာပေါ့။ မပေးနိုင်တဲ့သူတွေကတော့ ကျန်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လာရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူဘုန်း ကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်နေပြီး ထပ်မံလာ ရောက်သူများလည်းရှိနေသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly