တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ဒုံးခွင်းဒုံးစနစ် စတင်ဖြန့်ကြက်ချထားပြီ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ဒုံးခွင်းဒုံးစနစ် စတင်ဖြန့်ကြက်ချထားပြီ

ဆိုးလ်၊ မတ် ရ ။         ။ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအနေနဲ့ အငြင်းပွားဖွယ်ဖြစ်နေသော THAAD ဒုံးခွင်းဒုံးစနစ်ကို စတင်ဖြန့်ကြက်ချထားပြီဖြစ်ကြောင်း နှစ်ဖက်စလုံးက တာဝန်ရှိသူတွေက မတ် ရ ရက်မှာ အတည်ပြုပြောပါတယ်။

ဂျပန်ပင်လယ်အတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်လေးစင်းပစ်လွှတ်ခဲ့ပြီးနောက်တစ်ရက်မှာပဲ ခုလိုဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က
စတင်ဖြန့်ကြက်လာတာပဲဖြစ်ပါတယ်။

ဝေဟင်ဧရိယာကာကွယ်ရေးဖြစ်တဲ့ THAAD ဒုံးခွင်းဒုံးစနစ်ရဲ့ ပထမအစိတ်အပိုင်းတွေကို စတင်ဖြန့်ကြက်ပြီးပြီဖြစ်ကြောင်း အမေရိကန်ပစိဖိတ်တိုင်းစစ်ဌာနချုပ် USPACOM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်နှစ်နိုင်ငံအနေနဲ့ ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်ချထားရေးကို ၂၀၁၆ ဇူလိုင်လအတွင်းက သဘောတူထားခဲ့တာပါ။

ဒုံးခွင်းဒုံးစနစ် ပထမအစိတ်အပိုင်းများ ဆိုးလ်မြို့က တောင်ဖက်ကီလိုမီတာ ရ၀ ခန့်မှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို မတ် ၆ ရက်က ရောက်ရှိခဲ့တာဖြစ်ကြောင်း  တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယွန်ဟတ်သတင်းဌာနကို အတည်ပြုပါတယ်။

THAAD ဒုံးခွင်းဒုံးစနစ်ကို ယခုနှစ်မကုန်ခင် အပြီးတပ်ဆင်ဖြန့်ကြက်သွားနိုင်ဖို့ ဆိုးလ်နဲ့ ဝါရှင်တန်တို့က ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှတို့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်မှုဟာ ၎င်းတို့ရဲ့ ကာကွယ်ရေးပိုင်းကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး ကန့်ကွက်နေခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly