အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပ

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ရ ။            ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်က ဦးဆောင်ကျင်းပခဲ့သည်။

“အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြံုရေးရဖို့ ပြောင်းလဲမှုအတွက် ရဲရင့်စို့” ဟူသော ခေါင်းစဉ်ဖြင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနော်ကွင်း၊ မဂျွယ်ခန်းမတွင် မတ်လ ၈ ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်နေလို့ လုံလုံခြံုခြံု မနေနိုင်ဘူး။ အမျိုးသမီးတွေ ပိုပြီးတော့ ဆင်းရဲဒုက္ခခံရတယ်။ အဲဒါကြောင့်မလို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြံုရေးပြောင်းလဲမှုအတွက် ရဲရင်ကြစို့ ခေါင်းစဉ်နဲ့ ကျင်းပတာ ဖြစ်တယ်”ဟု ထွယ်ဂျင်တာနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာသည့် အကြောင်းများ သိရှိစေရန်၊ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေး ရရှိရန်အတွက် လိုအပ်နေကြောင်း၊ ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ လုံခြံုမှု မရှိဘဲ အမျိုးသမီးများ ပိုမိုဒုက္ခ ခံစားနေရသဖြင့် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အခမ်းအနားတွင် မြန်မာ့အရေးလေ့လာသူ ဒေါ်ခင်မမမျိုးက လုံခြံုရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းဖော်ဆောင်မှု ဖြစ်မြောက်ရေးကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူမှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်နေမှုများကို ဟောပြော ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် အသက် ၂၃ နှစ်အရွယ် သူနာပြုဆရာမ မမလိဆန်ပန်ကို ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သတ်ဖြတ်ခံရသဖြင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးများအနေဖြင့် လုံခြံုမှုမရှိဘဲ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေရသည်ဟု ဒေါ်နန်ပူက ပြောသည်။

“နေ့ခင်းကြောင်တောင် မြို့ထဲမှာတောင် အမျိုးသမီး သူနာပြုဆရာမတယောက်တောင် ရက်ရက်စက်စက် အသတ်ခံထားရတယ်ဆိုတာက အမျိုးသမီးတွေအတွက် လုံခြံုမှုမရှိဘူး။ အမျိုးသမီးတိုင်းက ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ကြံုရမယ်ဆိုတာ အမြဲကြောက်ရွှံ့ ထိတ်လန့်နေရတဲ ့အချိန်ဖြစ်နေတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ လုံခြံုမှုမရှိဘူးဆိုတာကို ပြောနိုင်တယ်။ အဲဒီအပြင် တခြားသော ပညာရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာမှာ အပြည့်အဝ ဝန်ဆောင်မှုမရတဲ့ အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းပိုင်းဆိုင်ရာအကုန်လုံး လုံခြံုမှု မရှိနေဘူး။ အခွင့်အရေးတွေက ဆုံးရှုံးနေတယ်”ဟု သူက ပြောသည်။

ထိုအခမ်းအနားသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ မိုးကောင်း၊ နမ္မတီး၊ ရွှေညောင်ပင်တို့မှ အမျိုးသမီး စုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဒေါ်နန်ပူက ပြောသည်။

ယမန်နှစ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် အမျိုးသမီး ရ၀၀ ခန့်သာ တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် အမျိုးသမီးပိုမို တက်ရောက်လာသဖြင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးများ အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ ပိုမိုသိရှိ နားလည်လာပြီ ဖြစ်ကြောင်း ဒေါ်နန်ပူက ပြောသည်။

အခမ်းအနားကို ကချင်ပြည်နယ်ရှိ အမျိုးသမီးများ အရေးလုပ်ဆောင်နေသည့် ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ တက်ရောက်လာသော အမျိုးသမီး ရ၀၀ အတွက် တီရှပ်ပေးခြင်း၊ ကချင်ထမင်းသုပ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေပြု အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်က ယနေ့ မတ်လ ရ ရက်နေ့တွင် ကြေငြာချက် တစ်စောင်လည်း ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် လိုအပ်ပြီး တည်ဆောက်ရာတွင် အမျိုးသမီးများကို ကဏ္ဍတိုင်းတွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှု သေချာစေရန် အရေးကြီးကြောင်းနှင့် ကချင်ပြည်နယ်တွင် အမျိုးသမီးဝန်ကြီးဌာနထားရှိပြီး ယင်းဌာနအောက်တွင် အမျိုးသမီး အခွင့် အရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်၊ အကြံပေး ပုဂ္ဂိုလ်များ ခန့်အပ်ကာ စီဒေါသဘောတူညီစာချုပ်ပါ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်၊ ဖော်ဆောင်ပေးရန် အပါအဝင် အချက် ၄ ချက် တောင်းဆိုလိုက်သည်။

အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြံုရေး ဖြစ်သော ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ အရ ကချင်ပြည်နယ်တွင် စစ်ပွဲများကြောင့် အမျိုးသမီးများအပေါ် ထိခိုက်နစ်နာမှုများ၊ စစ်လက်နက်ပစ္စည်းသဖွယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှုကို လက်လှမ်းမှီရေး အကောင်အထည်ဖော်ဆောင်ပေးရန်နှင့် ကချင်ပြည်နယ် အမျိုးသမီးများ၏ လူမှုရေး၊ အရေးကိစ္စများဖြစ်သော ကျန်းမာရေး (ခန္ဓာ၊ စိတ်)၊ ပညာရေး၊ ပုံမှန်ဝင်ငွေ ရရှိရေးများကို ပိုမိုတိုးမြှင့်ဖော်ဆောင်ပေးရန် ထည့်သွင်းတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly