မုံးကိုး ခရစ်ယာန်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်အား ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံ တိုးမြှင့် တရားစွဲ

မုံးကိုး ခရစ်ယာန်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်အား ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံ တိုးမြှင့် တရားစွဲ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်(မဇ္စျိမ)၊မတ်လ ရ ။                     ။ တပ်မတော်က ဖမ်းဆီးခံခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့မှ ဘာသာရေးဆရာ နှစ်ဦးမှ တစ်ဦးဖြစ်သူ ဦးဒွမ်ဒေါ့နောင်လတ်ကို တပ်မတော်အား ဂုဏ်သရေ ညိုးနွမ်းစေသည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်ဟု သူ၏ ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်း တို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် နှစ်မှု စွဲဆိုထားရာမှ ဦးဒွမ်ဒေါ့နောင်လတ်အား ပုဒ်မ တခု ထပ်မံ တိုးမြင့် စွဲဆိုလိုက်သဖြင့် စုစုပေါင်း ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

မတ်လ ၆ ရက်နေ့က မူဆယ်မြို့နယ် တွဲဘက်မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် တရားရုံးမှတ်တမ်းတွင် မြန်မာ့ တပ်မတော်၏ ရှေ့တန်း တပ်မ ၉၉ မှ ဗိုလ်မှူးကျော်ဇင်ထွန်းက တရားလို ပြုလုပ်၍ ပုဒ်မ ၅၀၀ ကို ထပ်မံ တရားစွဲဆိုကြောင်း ရေးသားထားသည်ဟု ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“ဦးဒီဒီနောင်လတ်ကို တစ်မှုထပ်စွဲတယ်။ ဗိုလ်မှူးကျော်ဇင်ထွန်းကပဲ ဦးတိုက်လျှောက်တယ်။ ပြန်ဆက် ပုဒ်မ ၅၀၀ နဲ့ပြန်စွဲတယ်။ ပြန်ဆက်ပုဒ်မဆိုတာ ပြစ်မှုဆိုင်ရာဥပဒေခေါ်တာပေ့ါ။ ကျွန်တော်တို့ ဂုဏ်သရေ ညိုးနွမ်းအောင် ပြောဆိုတာပေါ့နော်။ မနေ့က အမှုတွဲ ရုံးချိန်းမှတ်တမ်းမှာ ဖော်ပြထားတယ်။ တရားသူကြီးကလည်း ရှင်းပြတယ်။ မနေ့ကစပြီး လက်ခံတဲ့သဘော။ လာမဲ့ ရုံးချိန်းကြရင် ကျွန်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ဖို့ ကိုယ်စားလှယ်လွဲစာ တင်ရမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဗိုလ်မှူးကျော်ဇင်ထွန်းက ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ နှစ်ဦးကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/ ၁ ဖြင့် တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး ပို့ကုန်သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ ကိုမူ မူဆယ်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးမြင့်က တရားလို ပြုလုပ်ထားခြင်း ဖြစ်က ယခု ထပ်မံ တရားစွဲဆိုသော ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ဗိုလ်မှူး ကျော်ဇင်ထွန်းက တရားလို ပြုလုပ်၍ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ဒါကတော့ သူတို့ဘက်ကနေ ၁၇/၁ နဲ့ စွဲထားပြီဘဲ။ ကျွန်တော်တို့ကတော့ ဒီပုဒ်မတွေတော ့မစွဲစေချင်ဘူးဗျာ။ ဒါပေမယ့် ပြောလို့မှ မရတာ”ဟု ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့က သူတို့ နှစ်ဦး အမှု ရုံးချိန်းရှိသော်လည်း တရားလိုဘက်မှ သက်သေ ရောက်လာခြင်း မရှိသဖြင့် စစ်ဆေးခြင်း မရှိဘဲ လာမည့် မတ်လ ၂၀ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရုံးချိန်းတွင် တရားလိုဘက်မှ သက်သေ ၁၀ ဦးထဲမှ သက်သေခံပစ္စည်းများကို ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူ ဦးအိုက်စာ ဆိုသူအား စစ်ဆေးခဲ့သည်။ တရားလိုသက်သေအဖြစ် တပ်မတော် အရာရှိများ၊ တပ်သား ၂ ဦး အပါအဝင် ၉ ဦး ကျန်ရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က မုံးကိုးမြို့ရှိ တပ်မတော် ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးခဲ့ပြီးနောက် ၂၅ ရက် အကြာတွင် သူတို့နှစ်ဦးကို KIA အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly