အကြမ်းဖက်မှုအား ရုရှားတို့ထောက်ပံ့ပေးနေဟု ကုလသမဂ္ဂတရားရုံး၌ ယူကရိန်းစွပ်စွဲ

အကြမ်းဖက်မှုအား ရုရှားတို့ထောက်ပံ့ပေးနေဟု ကုလသမဂ္ဂတရားရုံး၌ ယူကရိန်းစွပ်စွဲ

ယူကရိန်းနိုင်ငံသည် ကုလသမဂ္ဂတရားရုံး၌ စစ်ဘေးသင့်နေသော ၄င်းတို့နိုင်ငံ၏အရှေ့ပိုင်းတွင် တည်ငြိမ်မှုများ ရရှိအောင် ကူညီပေးရန်တောင်းဆိုခဲ့ပြီး ယူကရိန်း၌ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများနှင့် ဖြစ်ပွားနေ သော ပဋိပက္ခများမှာ အကြမ်းဖက်မှုများအားထောက်ပံ့ပေးနေသော ရုရှားနိုင်ငံကြောင့်ဖြစ်သည်ဟု တရားသူ ကြီးများအား ပြီးခဲ့သော တနင်္လာနေ့တွင် ပြောခဲ့သည်။

“ဒီနေ့ ကျွန်မတရားရုံးတော်မှာ ယူကရိန်းပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးရန် တောင်းဆိုချင်ပါတယ်” ဟု ယူကရိန်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အိုလန်နာဇာကယ်က သယ်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံးတွင် ပြောခဲ့သည်။

“ထောင်ပေါင်းများစွာသော အပြစ်မဲ့သည့် ယူကရိန်းပြည်သူများသည် ကြောက်မယ်ဖွယ်ရာ တိုက်ခိုက်မှုများကို ခံစားခဲ့ရပြီးပါပြီ” ဟု သူမကပြောခဲ့သည်။ ၂၀၁၄ခုနှစ်၌ ရုရှားနို်င်ငံက ယူကရိန်းနိုင်ငံ၏ ခရီးမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက်တွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ပဋိပက္ခများ သုံးနှစ်နီးပါးခန့်ဖြစ်ပွားနေပြီး အသက်ပေါင်း ၁၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။

“ဒီနေ့ ကျွန်မတစ်ကမ္ဘာလုံးရှေ့မှာ ယူကရိန်းနိုင်ငံကို ရုရှားပြည်ထောင်စုရန်မှ အကာအကွယ်ပေးရန် တောင်းဆိုချင်ပါတယ်” ဟု ဇာကယ်ကထပ်ပြောခဲ့ပြီး ယူကရိန်းနိုင်ငံသည် ကြိုတင်မခန့်မှန်းနိုင်သော၊ အန္တရာယ် ရှိသောအခြေအနေများမှ တည်ငြိမ်မှုရရှိရန် မျှော်မှန်းလျက်ရှိနေကြောင်း ပြောခဲ့သည်။

ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်များသည် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)အား ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းသို့ လက်နက်ထောက်ပံ့ပေးခြင်းများ၊ ဘဏ်မှလျှို့ဝှက်ငွေလွှဲခြင်းများကို ရပ်တန့်ခိုင်းရန်နှင့် ရုရှားမှ သိမ်းပိုက်ထားသော ခရီးမီးယားဒေသတွင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံခြင်းကို ရပ်တန့်ဖို့ ရုရှားနိုင်ငံအား အမိန့်ပေးရန် တောင်းဆိုခဲ့သည်။ ဒါ့အပြင် ပဋိပက္ခအတွင်း အရပ်သားများအပေါ် တိုက်ခိုက်ခဲ့မှုအတွက် လျော်ကြေးပေးရန် ယူကရိန်းနိုင်ငံက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags