ရာသီအကုန်တွင် အာဆင်နယ်အသင်းမှ ဆန်းချက်ဇ် ပြောင်းရွှေ့တော့မည်

ရာသီအကုန်တွင် အာဆင်နယ်အသင်းမှ ဆန်းချက်ဇ် ပြောင်းရွှေ့တော့မည်

မတ် ၆၊ အင်္ဂလန် ။               ။ လီဗာပူးလ်နှင့်ပွဲတွင် ပထမပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရပြီးနောက် ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်မှာ ရာသီအကုန်တွင် အာဆင်နယ်အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

လီဗာပူးလ်နှင့်ပွဲတွင် ဆန်းချက်ဇ်အား အရန်ခုံတွင်ထိုင်ခိုင်းခဲ့ခြင်းမှာ နည်းဗျူဟာကြောင့်ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သော်လည်း သတင်းစာများက ဆန်းချက်ဇ်မှာ အာစင်ဝင်းဂါးအပြင် အသင်းဖော်များနှင့်ပါ  လေ့ကျင့်ရေးကွင်း၌ အခြေအတင်ဖြစ်ခဲ့ခြင်းကြောင့် ချန်လှပ်ခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။

အာဆင်နယ်အသင်းနှင့် နီးစပ်သူတစ်ဦးက နည်းပြအာစင်ဝင်းဂါးမှာ ဘိုင်ယန်မြူးနစ်အသင်းအား ၅-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ကတည်းက ဆန်းချက်ဇ်၏အပြုအမူကို သဘောကျခြင်းမရှိခဲ့ကြောင်း ဆိုသည်။ ထိုပွဲတွင် ဆန်းချက်ဇ်မှာ အသင်းဖော်များကို ကွင်းအတွင်း ဝေဖန်ပြောဆိုခဲ့သည့်အပြင် အဝတ်လဲခန်းတွင်လည်း စကားအချေအတင်ဖြစ်ခဲ့ကြသည်။

နည်းပြအာစင်ဝင်းဂါးအပြင် အသင်းဖော်များနှင့်ပါအဆင်မပြေသည့်အတွက် ဆန်းချက်ဇ်ကလည်း လာမည့်ရာသီသစ်တွင် အသင်းသစ်ရှာဖွေရန် စီစဉ်နေပြီ ဖြစ်သည်။ အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၈၀,၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားမှုကို ဆန်းချက်ဇ်က ပယ်ချထားသည်။

ဆန်းချက်ဇ်အား ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက တစ်ပတ်လစာငွေ ပေါင် ၃ သိန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly