တိုက်စစ်မှူးအဂူရိုနှင့် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖွင့်ဟ

တိုက်စစ်မှူးအဂူရိုနှင့် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖွင့်ဟ

မတ် ၆၊ အင်္ဂလန် ။            ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းနှင့်တိုက်စစ်မှူး အဂူရိုတို့၏ကြားတွင် ပုံမှန်မဟုတ်သည့် ထူးခြားသောဆက်ဆံရေးရှိကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။

အဂူရိုသည် ဆန်းဒါးလန်းအသင်းကို ၀-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့်အတွက် နောက်ဆုံးသုံးပွဲတွင် မန်စီးတီးအသင်းအတွက် ငါးဂိုးအထိသွင်းယူပေးထားသည်။ ထိုကဲ့သို့ ခြေစွမ်းပြနေသည့်အဂူရို၏ခြေစွမ်းကို ဂွါဒီယိုလာက ချီးကျူးပြောဆိုခဲ့သည်။

မန်စီးတီးအသင်းကို ဘရာဇီးလူငယ်တိုက်စစ်မှူးဂျီးဆက်ရောက်လာချိန်တွင် အဂူရိုမှာ နည်းပြဂွါဒီယိုလာ၏ချန်လှပ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ဂျီးဆက်ဒဏ်ရာရရှိသွားပြီးနောက်   ပြန်လည်နေရာရလာခြင်းဖြစ်သည်။

‘ရာသီအစကတည်းက အဂူရိုရဲ့ခြေစွမ်းကို သဘောကျခဲ့တာပါ။ ထိပ်တန်းကစားသမားတွေဟာ အချိန်တိုင်းဘာကြောင့် ကစားခွင့်မရသလဲဆိုတာကို ငြင်းခုန်ပြောဆိုလေ့ရှိပါတယ်။ ဒါကို ကျွန်တော်သိပါတယ်။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့် ဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်ကြိုက်ပါတယ်။

ကျွန်တော်တို့ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြပါတယ်။ ဂျီးဆက်ရောက်လာချိန်မှာ သူက ကစားတာကောင်းပြီး သူ့ကို ဆက်အသုံးပြုလိုတယ်လို့ အဂူရိုကို ကျွန်တော်ပြောပါတယ်။ အရေးအကြီးဆုံးကတော့ အနာဂတ်မှာ သူတို့နှစ်ဦးလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ခြေစွမ်းပြနိုင်ကြဖို့ပါ။

အဂူရိုရဲ့ဂိုးက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဟက်ဒါဖီးနဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့သလို အခုပွဲမှာလည်း ၁ ဂိုးထပ်သွင်းခဲ့ပါတယ်။ အဂူရိုက အသင်းကို အများကြီးကူညီနိုင်ခဲ့တာပါ။ သူက နောက်တစ်ကြိမ် ပြန်လည်တောက်ပဦးမှာပါ’ ဟု ဂွါဒီယိုလာက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly