မြစ်ကြီးနားက သူနာပြုဆရာမ အသတ်ခံရမှု မသင်္ကာသူတစ်ဦးကို စစ်ဆေးနေ

မြစ်ကြီးနားက သူနာပြုဆရာမ အသတ်ခံရမှု မသင်္ကာသူတစ်ဦးကို စစ်ဆေးနေ
ဓာတ်ပုံ- Myu lat facebook

ချင်းမိုင်၊ မတ်လ ၄ ရက် ။         ။ သူနာပြု ဆရာမ မမလိဆန်ပန် အသတ်ခံရမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က မသင်္ကာသူ တစ်ဦးအား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရကြောင်း အမှုမှန်ဖော်ထုတ်ရေးကော်မတီ တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှ နေအိမ်တွင် ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် အသတ်ခံရမှုတွင် စစ်ဆေးတွေ့ရှိမှု အခြေအနေများ သိရှိစေရန် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အမှုမှန်ဖော်ထုတ်ရေး ကော်မတီက မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့မှူး ဦးသန်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

“ကျနော်တို့က ဒီအမှုမှာ ဘယ်လိုအခြေအနေ ရှိနေပြီလဲဆိုတာ သိချင်လို့ သွားမေးတာ။ ဒီအမှုမှာ မိပြီ။ မမိဘူးဆိုပြီး

ကောလဟလ ထွက်နေလို့ ကျနော်တို့အနေနဲ့ စိတ်ဝင်စားလို့ လာခဲ့တာ ဖြစ်တယ်။ သူကလည်း ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ အခုလောလောဆယ်ဆယ်တော့ စစ်ဆေးတုန်းပဲလို့ ပြောတယ်”ဟု အမှုမှန်ဖော်ထုတ်ရေး ကော်မတီမှ တာဝန်ခံ ဦးဇော်ဂျတ်က မဇ္ဈိမကို ပြောသည်။

“စခန်းမှူးကတော့ သူတို့လည်း အတတ်နိုင်ဆုံး ခြေရာခံကို မြန်မြန်မိအောင် နေ့ည လုပ်ဆောင်နေတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေရော ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါလို့ ပြောတယ်။ အခုလောလောတယ် စခန်းမှာ မသင်္ကာတဲ့ လူတယောက်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်ထားတယ်လို့ ပြောတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ မပြောဘူး။”ဟု သူက ပြောသည်။

သူနာပြုဆရာမ အသတ်ခံရမှုဖြင့် တရားခံ ပေါ်ပေါက်ရန်အတွက် ပြည်နယ် ရဲတပ်ဖွဲ့ကလည်း ရွှေဂူမြို့ထိ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသလို၊ သူနာပြုဆရာမ၏ ချစ်သူ၊ သေဆုံးသူ၏ မိသားစုဝင်များ၊ အိမ်နီးနားချင်းများ အပါအဝင် အနည်းဆုံး ၁၀ ဦးခန့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းအမှုတွဲတွင် တွေ့ရသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မကြာခဏ သတ်ဖြတ်ခံရမှုများ ရှိနေပြီး ပြည်သူလူထု၏ လုံခြုံမှုမရှိတော့သဖြင့် စိုးရိမ်ပူပန်မှုဖြင့် နေထိုင်သွားလာနေရသည်ဟု စခန်းမှူးသန်းဦးအား ပြောပြခဲ့သည်ဟု သူက ပြောသည်။

အမှုစစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြောဆိုသူက အမှု သေချာမသိရှိသဖြင့် ရဲစခန်းမှူးအား ဆက်လက် မေးမြန်းရန် ပြောဆိုခဲ့သည်။ 

သူနာပြုဆရာမ သေဆုံးမှုနှင့် ပတ်သက်၍ စံးစမ်းစစ်ဆေးနေပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

မမလိဆန်ပန်သည် ဗန်းမော်မြို့ မလိယန်နှစ်ခြင်းခရစ်ယာအသင်းတော်မှ ကွယ်လွန်သူ သိက္ခာတော်ရ ဆရာ ဦးလဂျာနှင့် ထိုအသင်းတော်တွင် လက်ရှိတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော ဆရာမ ဒေါ်အချန်းတို့၏ သမီးဖြစ်ပြီး မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရှိ အစ်ကိုဝမ်းကွဲ၏ နေအိမ်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly