ယခုနှစ် ဖရဲခင်းများ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးသော်လည်း စျေးကောင်းရ

ယခုနှစ် ဖရဲခင်းများ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးသော်လည်း စျေးကောင်းရ
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ မတ်လ ၄ ရက် ။                ။ ယခုနှစ်အတွင်း ဖရဲစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှု နည်းပါးသော်လည်း ဖရဲသီးများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ကောင်းနေကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။

ရခိုင်ဒေသအတွင်း ဖရဲကို နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးသကဲ့သို့ ကုန်းတွင်းပိုင်းနေရာများတွင်လည်း စိုက်ပျိုးလျှက်ရှိပြီး မြေနုကျွန်းစိုက်ခင်းများမှာ နှစ်စဉ်စိုက်ပျိုးနိုင်သော်လည်း ကုန်းတွင်းပိုင်စိုက်ခင်းများမှာ နှစ်စဉ်ဖြစ်ထွန်းအောင်မြင်မှု နည်းပါးကြောင်း သိရသည်။

“ဒီနှစ်မှာ ဖရဲသီးရောင်းရတဲ့ အနေအထားက သိပ်မဆိုးပါဘူး။ ဒါပေမယ့် စိုက်ခင်းတွေသိပ်မဖြစ်ဘူး။ အပျက်အစီးများတယ်။ ခင်းသစ်တွေဆိုရင်တော့ တွက်ခြေကိုက်တယ်။   နှစ်တိုင်းစိုက်ပျိုးနေတဲ့ နေရာတွေမှာ ဆိုရင် စိုက်ပျိုးလို့မဖြစ်တော့ဘူး။ နေရာတွေပြောင်းပြီး စိုက်နေရတဲ့အတွက် အခက်အခဲတော့ရှိတယ်။”ဟု ဖရဲတောင်သူ ဒေါ်လှအေးသိန်းကပြောသည်။

ကုန်းတွင်းပိုင်းစိုက်ပျိုးခင်းများလုပ်ကိုင်ကြသည့် တောင်သူများမှာ ရေလုံလောက်စွာမရရှိသည့်အပြင် မြေနု ကျွန်းများတွင်စိုက်ပျိုးသည့် စိုက်ခင်းများကဲ့သို့ သဘာဝအတိုင်းစိုက်ပျိုးခြင်းမဟုတ်ဘဲ ဓါတ်မြေသြဇာများ အား အသုံးပြုစိုက်ပျိုးနေကြရသည့်အတွက် စိုက်ပျိုးမြေများမှာ အများဆုံး နှစ်နှစ်ခန့်သာ စိုက်ပျိုး၍ရနိုင်သည့်အတွက် ယခုနောက်ပိုင်းကာလများတွင် ကုန်းတွင်းပိုင်း ဖရဲစိုက်တောင်သူများမှာ တစ်နှစ်ထက်တစ်နှစ် ဖြစ်ထွန်းမှုနည်းပါးလာနေကြောင်းသိရသည်။

“ကျွန်မတို့ဆီမှာက ဖရဲကိုပဲအဓိကစိုပျိုးကြတာဖြစ်ပါတယ်။ တခြားသီးနှံတွေကိုလည်း စိုက်လေ့စိုက်ထ မရှိကြဘူး။ ဖရဲကလဲ တစ်နေရာမှာ နှစ်နှစ်ထက်  သုံးနှစ်ဆိုရင် ဘယ်လိုမှ မဖြစ်တော့ဘူး။   မြေသြဇာတွေကို အလွန်အကျွံသုံးကြတော့ မြေတွေပျက်စီးကြပါတယ်။ ဖြစ်တဲ့အခင်းတွေကတော့ တစ်ဧကကို သိန်း၂၀ လောက်ထိဝင်ငွေရကြတယ်။ မဖြစ်တဲ့အခင်းကျတော့လည်း ၂-၃ သိန်းလောက်နဲ့ ကျေနပ်ရတာ ပေါ့။”ဒေါ်လှအေးသိန်းကပြောသည်။

ယခင်နှစ်က ဖရဲသီးတစ်လုံးလျှင် ကျပ် (၁၀၀၀)ဝန်းကျင်ခန့်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်လုံးလျှင် (၅၀၀-၉၀၀-၁၂၀၀) ကျပ်အထိ ဈေးကောင်းရရှိ နေသည့်အတွက် စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးသော်လည်း တွက်ခြေကိုက်နေ ကြကြောင်း သိရသည်း။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly