ဆီမီးမျှောယဉ်ကျေးမှုထူးခြား မြန်အောင်မြို့ကို သွားကြမလား ( အပိုင်း ၁ )

04 March 2017
ဆီမီးမျှောယဉ်ကျေးမှုထူးခြား မြန်အောင်မြို့ကို သွားကြမလား ( အပိုင်း ၁ )

ဝါလကင်းလွတ်လို့ သီတင်းကျွတ်ပြီဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တွေဟာ တာဝတိန်သာနတ်ပြည်က မြတ်စွာဘုရား ဆင်းသက်လာတာကို စိတ်မှာရည်စူးပြီးတော့ မီးထွန်း ပူဇော်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြား ဒေသတော်တော်များများမှာလည်း သူ့အရပ် သူ့ဓလေ့နဲ့အတူ ကျင်းပလေ့ ရှိကြပါတယ်။ အခုလည်း သီတင်းကျွတ်မှာ အများနဲ့မတူ တမူထူးစွာ မီးပူဇော်တဲ့ မြို့လေးတစ်မြို့ရဲ့အကြောင်းကို Tasty Trip ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော်ရောက်ရှိနေတာကတော့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဖြစ်ပါတယ်။ ကျွန်တော်လည်း ဧရာဝတီကျွန်းပေါ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်ပြီး ပရိတ်ပန်းမျှောမယ့် လှေပေါ်ကို တက်လိုက်ခဲ့ပါတယ်။ လှေပေါ်မှာတော့ လူတော်တော်များများ ရောက်နေတာကို တွေ့ရပါတယ်။ ပရိတ်ရွတ်အဖွဲ့တွေကလည်း ပရိတ်ရွတ်နေကြပြီလေ။

ဒီက ဒေသခံတွေပြောပြချက်အရဆိုရင် ဒါ မြန်အောင်မြို့တစ်လျှောက်ကို ဧရာဝတီမြစ်ပြင်ကနေပြီးတော့ ပတ်နေတာခင်ဗျာ။ မြစ်ပြင်ကတော့ အခုလောလောဆယ် မှောင်မည်းနေပါသေးတယ်။

တကယ်ပါပဲ အခုလောလောဆယ်တော့ အလင်းရောင်ဆိုလို့ မြစ်ရေပေါ်ကို ကျရောက်နေတဲ့ လရောင်လေးပဲ ရှိပါတယ်။ အခုဆိုရင် ဆီမီးတွေ စမျှောနေကြတာကို တွေ့ရပါပြီခင်ဗျ။ ခဏလေးအတွင်းမှာပဲ မြစ်ရေပြင်တစ်ခုလုံးဆီမီးတွေ ပြည့်လာနေပါပြီ။ ဒီဆီမီးပူဇော်ပွဲအကြောင်း မိန်းမစိုးစေတီဂေါပကအဖွဲ့ဥက္ကဌက အခုလို ရှင်းပြပါတယ်။

ကိုသန်းစိုး (ခ) ကိုရှည်ကြီး

ဥက္ကဋ္ဌ ၊ မိန်းမစိုးစေတီ ဂေါပကအဖွဲ့

ဆီမီးပူဇော်ပွဲနဲ့ မီးမျှောပွဲကတော့ သာမာန်နေရာတွေမှာ အကုန်ရှိတဲ့အတွက် ဒါ မထူးခြားဘူးပေါ့။ ဆီမီးရေမျှောပွဲဆိုတာကတော့ တော်တော်ကို ထူးထူးခြားခြားပါ။ ကျွန်တေ်ာတို့ အသိတွေကဆိုရင်တော့ မြန်မာပြည်မှာ တော်တော်များများ နေရာများများက တချို့က ငှက်ပျောတုံးနဲ့မျှောတယ်၊ တစ်ချို့က ဖယောင်းနဲ့ မျှောတယ်ပေါ့။ ဒီမှာကတော့ ကျွန်တေ်ာတို့က အဲလိုမျိုး မျှောတာမဟုတ်ဘူး။ လဲမှို့ကို ရေနံဆီဆွတ်ပြီးကာမှ ရေထဲမှာ မျှောလိုက်တာပေါ့။

မဇ္ဈိမ

လဲမှို့ကို ဆီမီးလိုလုပ်ပြီး ရေမှာမျှောတာ တော်တော်ရှားတယ်ခင်ဗျ။ ရှားဆို ကျွန်တော်လည်း အခုမှ မြင်ဖူးတာပါ။ ကဲ ဒီလဲမှိုကို ဆီမီးလိုဖြစ်သွားအောင် ဘယ်လိုများ လုပ်ကြတာလဲ။

ကိုသန်းစိုး (ခ) ကိုရှည်ကြီး

ဥက္ကဋ္ဌ ၊ မိန်းမစိုးစေတီ ဂေါပကအဖွဲ့

ဒီမီးမျှောပွဲကို တခြားနေရာတွေနဲ့မတူပဲ ထူးထူးခြားခြားလေး လုပ်ရတဲ့အကြောင်းအရင်းက ဒီဧရာဝတီမြစ်ရဲ့ရေက အမြဲတမ်း ငြိမ်မနေဘူးလေ သူက တစ်ခါတစ်လေကျရင် လှိုင်းတွေကြီးတယ်။ ဒီနှစ်ဆိုလို့ရှိရင် ရာသီဥတုက သာယာလို့ ရာသီဥတုမသာယာတဲ့နေ့ လှိုင်းတွေ အရမ်းကြီးတဲ့အခါကျတော့ ဖယောင်းနဲ့လုပ်လို့မရဘူး၊ ငှက်ပျောတုံးနဲ့ လုပ်လို့မရဘူး ဒါကြောင့်မိုလို့လဲ ဒီနေရာမှာ လဲကို ဆီဆွတ်ပြီးတော့ မျှောတဲ့ဟာက လူကြီးတွေကနေ စပြီးတော့ လုပ်လာတယ်လို့ ကျွန်တော်တော့ ယူဆတယ်ပေါ့။ မြန်မာပြည်တော်တောများများမှာ ဒီလိုလုပ်တာ တော်တော်ရှားပါတယ်။ ဒါကြောင့်မို့ ထူးထူခြားခြား မြို့နယ်တော်တော်များများကလည်း လာပြီးတော့ ကြည့်ရှုကြပါတယ်။

မဇ္ဈိမ

တကယ်ကိုလည်း လှပါတယ်။ ပုံမှန်ညမျိုးမှာဆိုရင် မှောင်မည်းနေတတ်တဲ့ ဧရာဝတီမြစ်ပြင်ဟာ အခုတော့ သီတင်းကျွတ်လပြည့်ညမှာ မြန်အောင်သူ မြန်အောင်သားတို့ရဲ့ မြတ်စွာဘုရား ရည်မှန်းပူဇော်ပြီးတော့ မျှောလိုက်တဲ့ လဲဆီမီးများနဲ့ အရမ်းကို လှပနေပါတယ်ခင်ဗျ။ ခုနက ရှင်းပြသလိုပါပဲ ဆီမီးတို့ ဖယောင်းတိုင်တို့ မသုံးပဲ လဲမှို့ကို ဘာကြောင့် သုံးရတယ်ဆိုတာ...။ အခုက လက်တွေ့ပါပဲခင်ဗျာ။ ဒါတောင် ဒီနေ့ မြစ်ပြင်က ငြိမ်သက်နေပါတယ်။ မဟုတ်ရင်တော့ ဒီမီးတွေ လှိုင်းအောက်မှာ မြုတ်သွားမှာပါ။ မြစ်ပြင်ထဲမျာ တရွေ့ရွေ့သွားနေတဲ့ လှေထဲက ပရိတ်ရွတ်အဖွဲ့တွေရဲ့ ပရိတ်ရွတ်အသံတွေက ကမ်းတစ်ဖက်ဆီကို ပျံ့လွင့်နေပါတယ်။

လှေထဲမှာ ပရိတ်ပန်းတွေကို မျောသူတွေကို တွေ့တော့ ကျွန်တော်လည်း ကမ်းမကပ်ခင် ပရိတ်ပန်း မျှောခဲ့ပါသေးတယ်။ မြစ်ဧရာရဲ့ ဟို့အဝေးက တစ်နေရာမှာတော့ လဲဆီမီးတွေက တောက်ပနေဆဲ လှပနေဆဲပါ။ 

ဒီမနက်တော့ မြန်အောင်မြို့ ဆိပ်ကမ်းတစ်နေရာမှာ ထိုင်ရင်းနဲ့ မြန်အောင်အကြောင်းကို တွေးမိတယ်ခင်ဗျ။ ဟိုအရင်တစ်ချိန်က ကူထွက်လိုတစ်မျိုး၊ လွန်ဆေးလို့တစ်သွယ် အမည်တွင်ခဲ့တဲ့ မြန်အောင်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်ချို့င်ဝှမ်းဒေသရဲ့အောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ် စတင်ရာအရပ်မှာ တည်ရှိပါတယ်။ မြန်အောင်မြို့သမိုင်းကို စာရေးဆရာ ချစ်ကောင်းလတ်က အခုလို ရှင်းပြပါတယ်။

ချစ်ကောင်းလတ် (ခ) ဦးဌေးအောင်

စာရေးဆရာ

မင်းသား စလင်းမောင်ပေါင်းညောင် တေးချင်းဆိုတာ ရှိတယ်လေ။ အဲဒီအထဲမှာ ဘယ်လိုရေးထားလဲဆိုတော့ “ဂူထွဋ်လွန်ဆေးရည်၊ ဂေရှေးကို နောက်ပေးမြောင် ရှေ့ပေးဆောင်၍”ဆိုတဲ့ စာသားလေးပါတယ်။ ဆိုလိုတဲ့အဓိပ္ပာယ်ကကတော့ ဂူထွဋ်ဆိုတာက အရင်ဆုံးပေါ့ နာမည်တွင်တယ်ပေါ့နော်၊ နောက်ပြီးတော့မှ လွန်ဆေးပေါ့ နောက်ပြီးတော့ မြန်အောင်ပေါ့ ။

မဇ္ဈိမ

မြစ်ဝကျွန်းပေါ်ဒေသဆိုတဲ့အတိုင်းပါပဲ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက် ၆၃ ပေပဲ မြင့်ပါတယ်။ မြန်အောင်မြို့က ဧရာဝတီမြစ် အနောက်ဖက်ကမ်းက မြို့တစ်မြို့လည်းဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်မှာတော့ ကြံခင်းမြို့တို့ ကနောင်မြို့တို့ရှိပါတယ်။ မြန်အောင်ကနေ ကြံခင်းကို သွားမယ်ဆိုရင် ရှစ်မိုင်လောက်ဝေးပြီး ကနောင်မြို့ကတော့ ၆ မိုင်လောက်ဝေးပါတယ်။ ရန်ကုန်မြို့နဲ့ဆိုရင်တော့ ၁၅၆ မိုင်လောက် ဝေးပါတယ်။ မန္တလေးမြို့ကဆိုရင်တော့ မိုင်ပေါင်း ၃၄၂ မိုင် ဝေးပါတယ်။ မြန်အောင်လို့ အမည်သမုတ်ခံရတဲ့အကြောင်းကတော့ ......

ချစ်ကောင်းလတ် (ခ) ဦးဌေးအောင်

စာရေးဆရာ

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်ကြတော့ မြန်အောင်မြို့ကို ၁၁၁၆ ခုနှစ်မှာ ချီတက် သိမ်းပိုက်ခဲ့တယ်ပေါ့။ ဒီနေရာမှာ အခုအခံမရှိပဲနဲ့ မြို့ကို လွယ်လွယ်ကူကူ သိမ်းနိုင်သွားတယ်ပေါ့။ တစ်လကျော်ကျော်လောက် ဒေသအတွင်းမှာရှိတဲ့ နယ်ပယ်အသီးသီးက အကြီးအကဲပုဂ္ဂိုလ်တွေ ဝင်ရောက်ပြီးတော့ လာခစားပြီးတော့ သစ္စာခံတဲ့သဘောပေါ့။  မြန်အောင်မှာ အောင်မြင်တယ်ပေါ့နော်။    မြန်မြန်ဆန်ဆန် ရန်တွေကို အောင်မြင်တဲ့အတွက်ကြောင့် အမြန်အောင်တဲ့တွက်ကြောင့်မို့ မြန်အောင်မြို့လို့ အဓိပ္ပာယ်ရတယ်လို့ ဒါ အစဉ်အဆက်သမိုင်းမှာလည်း ရေးသားထားတာ ရှိပါတယ်။

မဇ္ဈိမ

မြန်အောင်ကို မြို့ဆိုပြီးတော့ ၁၈၁၂ ခုမှာ အင်္ဂလိပ်အစိုးရက သတ်မှတ်ခဲ့တာပါ။ ဒီအရင် ရှေ့ကအခေါ် ဂူထွဋ်မြို့လို့ တွင်စဉ်တုန်းက မွန်မြန်မာစစ်ပွဲ နှစ်လေးဆယ်ကာလအတွင်းမှာဖြစ်လို့ ဗမာပြည်ပိုင်နက်နဲ့ မွန်ပြည်နယ်ပိုင်နက်ကြား နယ်စပ်ဒေသတစ်ခုဖြစ်ပါတယ်။ ဂူထွဋ်ဟာ မြန်မာပိုင်လိုက် မွန်ပိုင်လိုက် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို နှစ်ပေါင်းအတော်ကြာအောင် စစ်ပွဲအတွင်းမှာ ရောက်နေခဲ့ပေမယ့် ဒီမြို့လေးကို ငြိမ်းချမ်းရေးမြို့လို့ တင်စားလို့ရပါတယ်။

ကျွန်တော်လည်း မြန်အောင်မြို့ကို ဧရာဝတီမြစ်ထဲက ကြည့်ချင်တာနဲ့ပဲ မော်တော်ဆိပ်ဆီ ထွက်လာခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly