ပုဇွန်သားပေါက် ရှားပါးမှုကြောင့် ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်များ အခက်တွေ့

ပုဇွန်သားပေါက် ရှားပါးမှုကြောင့် ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်များ အခက်တွေ့
ပုံစာ - ပေါက်တောမြို့နယ်အတွင်းက ပုဇွန်ကန်တစ်ခု။  ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ မတ်လ ၄ ရက် ။               ။ ရခိုင်ပြည်နယ်အတွင်း ပုဇွန်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြရာ ယခုနှစ်တွင် ပုဇွန်သားပေါက်ရှားပါး နေသည့်အတွက် လုပ်ငန်းရှင်တစ်ချို့တို့မှာ အခက်အခဲနှင့်ကြုံတွေ့နေကြရကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ပုဇွန်မွေးမြူရေးလုပ်ငန်းများအတွက် သားပေါက်လိုအပ်ချက်များကို ရောင်းချနိုင်ရန်အတွက် သားပေါက်စခန်းများ ဖွင့်လှစ်ထားရှိသော်လည်း လုပ်ငန်းလည်ပါတ်မှုမရှိသည့်အတွက် လိုအပ်ချက်များကို ထုတ်လုပ် ပေးနိုင်ခြင်းမရှိကြာင်းသိရသည်။

“ကျွန်တော်တို့က ဘင်္ဂလားပင်လယ်အော်က ပုဇွန်မျိုးစိတ်တွေကိုပဲ ထုတ်လုပ်ပါတယ်။ ပေါက်တောမြို့ နယ်ကို အများဆုံး ရောင်းရပါတယ်။ လုပ်ငန်းရှင်တွေကတော့ ထွက်သလောက် ယူမှာပါ။ ဒါပေမယ့် လုံလုံလောက်လောက် ထုတ်မပေးနိုင်တာကြောင့် ပြည်မဘက်က ပုဇွန်သားပေါက်တွေကို မှာယူနေကြရပါတယ်။ ဒီနှစ်မှာတော့ လျာထားချက် ထက်ပိုပြီး ထုတ်လုပ်နိုင်ပါတယ်။”ဟု ကျောက်ဖြူ ပုစွန်သားဖောက် စခန်းတာဝန်ခံ ဦးရွှေကျော်အောင်ကပြောသည်။

ဒေသရေငံပုဇွန်မျိုးစိတ် သားပေါက်တစ်ကောင်လျှင် ၈ ကျပ်နူန်းဖြင့် ထုတ်လုပ်ရောင်းချနိုင်သော်လည်း လုံလောက်သည့် အရေအတွက်ကို မထုတ်လုပ်နိုင်သဖြင့် ပုဇွန်မွေးမြူသူများမှာ ပြည်မဘက်မှ သားပေါက်များကို တစ်ကောင်လျှင် ၂၀ ကျပ်နှုန်းအထိပေးပြီး ဝယ်ယူနေရကြောင်းသိရသည်။

“ရခိုင်ပြည်နယ်တွင်းမှာ ပုဇွန်သားပေါက်စခန်း ၇ ခုဖွင့်လို့ရှိပါတယ်။ လက်ရှိမှာတော့ ကျောက်ဖြူသားဖောက်စခန်း တစ်ခုတည်းပဲ မွေးမြူနေတာရှိပါတယ်။ ကျန်တာတွေကတော့ လုပ်ငန်းရပ်ဆိုင်းနေကြပါတယ်။” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် သားဖောက်စခန်းများမှာ ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ရေချမ်းပြင်၊ စိုးမဲကျီ၊ မောင်တော တို့ဖြစ်ပြီး မောင်တော သားဖောက်စခန်းမှာ ဒေသအခြေနေကြောင့် ရပ်ထားနားထားရကြောင်း ရေချမ်းပြင် သားပေါက်စခန်းမှာလည်း တစ်ကြိမ်တည်းသာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြန်လည်ပြုပြင်နေရကြောင်းသိရသည်။

“အဓိကက နည်းပညာပိုင်းအားနည်းတဲ့ အခြေနေကြောင့်လည်းပါပါတယ်။ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေမှာ ပုဇွန်သားပေါက် အခက်ခဲရှိနေကြပါတယ်။ ဒါတွေကို အဆင်ပြေစေဖို့အတွက် ရေလုပ်ငန်းနဲ့သက်ဆိုင်တဲ့ လွှတ်တော် ကော်မတီမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။” ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျောက်ဖြူ ပုစွန်သားဖောက်မှ ကောင်ရေ ၃ သန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကောင်ရေ ၅ ဒသမ ၇ သန်းအထိ ထုတ်လုပ်ရောင်းချနိုင်ခဲ့သော်လည်း ပုဇွန်လိုအပ်ချက်ကို ပြည်မီ အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly