မန်ယူပရိသတ်များမှာ ချယ်လ်ဆီးပရိသတ်များထက် အသင်းကို ပိုမိုအားပေးသည်ဟု မော်ရင်ဟိုပြော

မန်ယူပရိသတ်များမှာ ချယ်လ်ဆီးပရိသတ်များထက် အသင်းကို ပိုမိုအားပေးသည်ဟု မော်ရင်ဟိုပြော

မတ် ၂၊ အင်္ဂလန် ။               ။ မန်ယူပရိသတ်များမှာ ချယ်လ်ဆီးပရိသတ်များထက် အသင်းကို စိတ်အားတက်ကြွစွာအားပေးကြသည်ဟု နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် မန်ယူအသင်း၏တစ်ရာသီစာလက်မှတ်ကြောငြာ လက်ကမ်းစာစောင်တွင်ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုလက်ကမ်းစာစောင်၌ မော်ရင်ဟိုက ‘လာမည့်ရာသီသစ်တွင် အောင်မြင်မှုများပိုမိုရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကစားရာတွင်လည်း ပိုမိုရသပေးနိုင်ရန်၊ ပိုမိုတိုက်စစ်ဆင်ကစားရန်နှင့် ဂိုးများပိုမိုသွင်းယူပြီး နိုင်ပွဲများရရှိလိုကြောင်း’ ရေးသားထားသည်။

ပရိသတ်များနှင့် ပတ်သက်၍မူ မော်ရင်ဟိုက ‘ပရိသတ်တွေပြည့်နှက်နေတဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးကလည်း ကစားပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ပရိသတ်တွေရဲ့အသင်းအပေါ်နှစ်မြှပ်အားပေးမှုက ကျွန်တော့်ရင်ထဲမှာ စွဲမြဲနေပါတယ်။

ကလပ်အသင်းတွေအများကြီး ကျွန်တော်နည်းပြခဲ့ဖူးပါတယ်။ ဒီလိုပြိုင်ဘက်ကင်းပြီး စိတ်အားထက်သန်တဲ့ အားပေးမှုမျိုးကို ဘယ်မှာမှ မတွေ့ဖူးပါဘူး။ ကျွန်တော်တို့ကစားတဲ့ပွဲတိုင်း အိုးထရက်ဖို့ဒ်ကွင်းကြီးက အမြဲလူပြည့်နေပါတယ်။ ဒါက ကစားသမားတွေအတွက် အများကြီး အထောက်အကူရရှိစေပါတယ်’ ဟု ပြောဆိုခဲ့သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို နည်းပြစဉ်ကလည်း ချယ်လ်ဆီးပရိသတ်များ၏ အားပေးမှု လျော့ရဲပုံကို ဝေဖန်ခဲ့ဖူးသည်။ ထိုစဉ်က ကျူပီအာနှင့်ပွဲအပြီးတွင် မော်ရင်ဟိုက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းသည် ဘယ်သူမှမရှိသည့် ကွင်းအလွတ်ကြီးနှင့်ပင် တူကြောင်း ဆိုခဲ့ဖူးသည်။

ရည်ညွှန်း The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly