ဟူးကောင်းဒေသ တောင်သူလယ်သမားများ လယ်ယာမြေပြန်လည် ရရှိရေး ဆန္ဒဖော်ထုတ်

ဟူးကောင်းဒေသ တောင်သူလယ်သမားများ လယ်ယာမြေပြန်လည် ရရှိရေး ဆန္ဒဖော်ထုတ်
ဓါတ်ပုံ မြစ်ကြီးနားနယူးစ်ဂျာနယ်

ချင်းမိုင်၊မတ်လ ၂ ။            ။ ကချင်ပြည်နယ် တနိုင်းမြို့နယ်(ဟူးကောင်း)ဒေသအတွင်းရှိ တောင်သူလယ်သမားများက ယနေ့ ကျရောက်သော တောင်သူလယ်သမားနေ့ အခမ်းအနားနှင့်အတူ ယုဇနကုမ္ပဏီမှ သိမ်းယူထားသော မြေယာများ ပြန်လည် ရရှိရန် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ မတ်လ ၂ ရက်နေ့ ကျရောက်သော တောင်သူလယ်သမားနေ့ အထိန်းအမှတ်အဖြစ် ဟူးကောင်းဒေသ ဝါရာဇွပ် ကျေးရွာတွင် ဒေသခံ တောင်သူလယ်သမား ရာနှင့်ချီကာ စာတန်းများ ကိုင်ဆောင်၍ စီတန်းလှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ည်။

“ဝါရာဇွပ်နှစ်ခြင်းခရိယာန်ဘုရားကျောင်းကနေ ယုဇနကုမ္ပဏီက သိမ်းထားတဲ့နေရာအထိ လူထုတွေ အသံတိတ် ချီတက်ပါတယ်။ ပြီးတော့ အခမ်းအနားပြုလုပ်တယ်။ အခမ်းအနားမှာ ဟူးကောင်းလယ်ယာမြေနဲ့ ပတ်သက်၍ တောင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှု အတွေ့အကြုံတွေ၊  တောင်သူလယ်သားမားနဲ့ဆိုင်တဲ့ ပြဇာတ်တိုတွေ တင်ပြတယ်။ လွန်ခဲ့တဲ့အချိန် မြေယာသိမ်းယူခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ပြသထားတယ်”ဟု အခမ်းအနားတက်ရောက်ခဲ့သူ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲပိုင်း ၁ နာရီချိန်ထိ အခမ်းအနား ပြုလုပ်ခဲ့ပြီး ယုဇနကုမ္မဏီမှ ဒေသခံတောင်သူများ၏ လယ်ယာမြေ ပဋိပက္ခ လျစ်လျုရှုမှုကို သိရှိစေရန်၊ ဒေသခံတောင်သူ လယ်သမားများ တောင်သူလယ်သမား အခွင့်အရေးများ ရရှိရန် ပိုမို ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်၊ ဒေသခံများမှ တောင်သူလယ်သမားအခွင့်အရေးများကို ပိုမို သိရှိစေရန်နှင့် လယ်ယာမြေများနှင့် နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိစေရန် စသည့် အချက် ၄ ချက်ကို ရွည်ရွယ်၍ တောင်းဆိုခဲ့သည်ဟု သူက ပြောသည်။

အခမ်းအနားတွင် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ နော်အုန်းလှမှ “ တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် တောင်သူလယ်သမား အခွင့်အရေး” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောတင်ပြခဲ့သည်ဟု သိရသည်။

“မူလလယ်ယာမြေပိုင်ရှင်ဟာ ကချင်ပြည်သူများဖြစ်သည်၊ Cronies များ မဟုတ်ပါ” ဟူသော စာတန်းများအပါအဝင် ဗီနိုင်းစာတမ်းများ ကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ကျင်းပသော တောင်သူလယ်သမားနေ့ အခမ်းအနားကို ဟူးကောင်းဒေသရှိ ဒေသခံ ပြည်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MRJ)မှ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်ကတည်းက ဟူးကောင်းဒေသ ကျားထိန်းသိမ်းရေးနယ်မြေအတွင်း မြေဧက ၃ သိန်း ကျော်ကို ယုဇန ကုမ္မဏီက ပီလောပီနံ စိုက်ပျိုးရေးစီမံကိန်းအတွက် ဒေသခံတောင်သူများ၏ လယ်ယာမြေကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။

သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည် ရရှိရန် ဒေသခံတောင်သူများက ရန်ကုန်မြို့ထိ သွားရောက်၍ ယုဇနကုမ္ပဏီအား ဆန္ဒပြတောင်းဆိုခဲ့သည်။ သို့သော် ယနေ့ထိ လယ်ယာမြေများ ပြန်လည်ရရှိခြင်း မရှိသေးပေ။

အခမ်းအနားတွင် ယုဇန ကုမ္မဏီမှ လယ်ယာမြေများ သိမ်းယူခဲ့မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးသော ကျေးရွာပေါင်း ၂၄ ရွာမှ ရွာသားများနှင့် အပါအဝင် လူထု ၆၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆရာစံသည် အင်္ဂလိပ်လက်အောက် တောင်သူလယ်သမားများ ဆင်းရဲတွင်းနက်နေသည့် ဘဝကို မခံမရပ်နိုင်သည့်အတွက် ၁၉၃၀ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အင်္ဂလိပ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့သူ ဖြစ်သည်။

တောင်သူလယ်သမားအရေးတော်ပုံကို ဦးဆောင်ခဲ့သူ ဆရာစံသည် ၁၉ ၃၀ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် စတင် တော်လှန်ခဲ့ပြီး သူသည် သုပဏ္ဏကဂဠုန်ရာဇာဘွဲ့ ခံယူခဲ့ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ရင်း ၁၉၃၁ ခုနှစ်တွင် ရှမ်းပြည်နယ်တွင် ဖမ်းဆီးခံရပြီး ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် သာယာဝတီခရိုင် အကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းယူခဲ့သောနေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly