YBS ကားများတွင် တစ်လကျော်အတွင်း ဖုန်း ၁၇လုံး ခါးပိုက်နှိုက်သူအား ဖမ်းမိ

YBS ကားများတွင် တစ်လကျော်အတွင်း ဖုန်း ၁၇လုံး ခါးပိုက်နှိုက်သူအား ဖမ်းမိ
ဓာတ်ပုံ-Yangon Police

မတ်လ ၁ ရက် ။            ။ YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲပြီး တစ်လကျော်အတွင်း တန်ဖိုးကြီးဖုန်းများအပါအဝင်  ဖုန်း ၁၇ လုံးအား ခါးပိုက်နှိုက်ယူခဲ့သူ ၁ ဦးအား ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၃၂လုံးနှိုက်ယူခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင်ကာ YBS မစတင်ခင် ဇန်နဝါရီလဆန်းအထိ  သုံးလကျော်အတောအတွင်း I phone ၊ Samsung အစရှိသော တန်ဖိုးရှိဖုန်းများ အပါအဝင် ဖုန်း ၁၅ လုံး နှိုက်ယူခဲ့ခြင်းဖြစ်ပြီး YBS စနစ် စတင်ချိန်တွင်လည်း ဆက်လက်ကျူးလွန်ခဲ့ကာ တစ်လအတွင်း ဖုန်း ၁၇ လုံးအား နှိုက်ယူခဲ့ကြောင်း၊ စုစုပေါင်း ၃၂ လုံး နှိုက်ယူခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မတ်လ ၁ ရက်က သတင်းထုတ်ပြန်သည်။

YBS ယာဉ်လိုင်းများစတင်ပြေးဆွဲစဉ် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီး အတိုင်းပြေးဆွဲသည့် အမှတ် YBS ၃၉ ၊ YBS ၃၀၊ YBS ၆၅ ယာဉ်လိုင်းများပေါ်တွင် စီးနင်းလိုက်ပါသူခရီးသည်များထံမှ  Samsung ဖုန်း ၄ လုံး၊ HUAWEI ဖုန်း ၅ လုံး၊ Xiaomi ဖုန်း ၁ လုံး၊ Honor ဖုန်း ၁ လုံး၊ Oppo ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဖေဖော်ဝါရီလအတွင်းကလည်း အဆိုပါ YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါလာသူ ခရီးသည်များထံမှ HUAWEI 8813၊ HUAWEI 730 ၊  HUAWEI Y 620၊  Mi Note 3၊ Samsung Note 7 ဖုန်းများအား နှိုက်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၂ရက်က လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်တွင် မောင်းနှင်လာသော YBS ၃၀ ယာဉ်လိုင်း ပေါ်မှ ဆင်းလာသူ အင်းစိန်မြို့နယ်နေ ရှိုင်းထက်အောင်(ခ)နှစ်တောင်၊(၃၆)နှစ်အား စစ်ဆေးရာမှ အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၎င်းလွယ်ထားသည့်ကျောပိုးအိတ်အတွင်းမှ Micro အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေကျပ် ၃၀၀၀ အား တွေ့ရှိရပြီး စစ်ဆေးရာ ယာဉ်ပေါ်ပါ အသက်၂၅ နှစ်ခန့်ရှိ ခရီးသည်အမျိုးသမီး
တစ်ဦးလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ နှိုက်ယူရရှိခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လှိုင်မြို့မရဲစခန်း(ပ)၁၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှာ ရှိုင်းထက်အောင်သည် ၂၀၁၆ အောက်တိုဘာလအတွင်းက လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၌ အမှတ် ၄၅ ယာဉ်လိုင်းပေါ်ပါ ခရီးသည်များထံမှ Honor H 30 လက်ကိုင်ဖုန်း ၁လုံး၊ Honor လက်ကိုင်ဖုန်း ၁ လုံး၊ ZTE လက်ကိုင်ဖုန်း ၁ လုံး၊ HUAWEI G 6 လက်ကိုင်ဖုန်း ၁လုံးတို့ အားလည်းကောင်း၊စုစုပေါင်း  ၄ လုံးနှိုက်ယူခဲ့သည်။

နိုဝင်ဘာလအတွင်းက အမှတ်၁ ၂၄ ယာဉ်လိုင်း၊ အမှတ်  ၄၅ ယာဉ်လိုင်းနှင့် အမှတ်၂၂၆ ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းသူ ခရီးသည်များထံက Vivo ဖုန်း ၁ လုံး၊ HUAWEI ဖုန်း ၂ လုံး၊ Samsung ဖုန်း ၁ လုံး တို့အားလည်းကောင်း၊ စုစုပေါင်း ၄လုံး။ ဒီဇင်ဘာလအတွင်းက အမှတ် ၁၇၄ အဓိပတိလိုင်း၊ အမှတ် ၄၅ ယာဉ်လိုင်းနှင့် အမှတ် ၅၀ ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းသူ ခရီးသည်များထံမှ HUAWEI ဖုန်း ၁ လုံး၊ Coolpad ဖုန်း ၁ လုံး၊ Honor ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ စုစုပေါင်း ၃ လုံး နှိုက်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းက လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင်ပြေးဆွဲသည့် အမှတ် ၄၅ ယာဉ်လိုင်းနှင့် အမှတ်၂၂၆ ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်းသူ ခရီးသည်များထံမှ I Phone ၁ လုံး၊ I Phone Clone ၁ လုံး၊ Lenovo အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနှင့် Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း၊ စုစုပေါင်း ၄လုံး နှိုက်ယူခဲ့သည်။

အဆိုပါကာလ သုံးလကျော်အတောအတွင်း I phone ၊ Samsung အစရှိသော တန်ဖိုးရှိဖုန်းများ အပါအဝင် ဖုန်း ၁၅ လုံး နှိုက်ယူခဲ့ခြင်းဖြစ်သည်။

ရှိုင်းထက်အောင်(ခ)နှစ်တောင်အား လှိုင်မြို့မရဲစခန်းတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုမှလက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ ပိုင်ရှင်များအနေဖြင့် လှိုင်မြို့မရဲစခန်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးထုတ်ပြန်ထားသည်။

Key Points

YBS စတင်ချိန် ၁၇ လုံးနှိုက်ယူခဲ့

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် ပြေးဆွဲသည့် ယာဉ်လိုင်းများတွင်ဖြစ်

YBS မတိုင်ခင် ၃ လကျော် ဖုန်း  ၁၅ လုံးနှိုက်ယူ

စုစုပေါင်း ဖုန်း ၃၂ လုံးနှိုက်ယူနိုင်ခဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly