ရဲဘော်မင်းဌေးက စိတ်မပူကြရန် သူ၏ မိတ်ဆွေများအား ပြော

ရဲဘော်မင်းဌေးက စိတ်မပူကြရန် သူ၏ မိတ်ဆွေများအား ပြော

ချင်းမိုင်၊ မတ်လ ၁။              ။ မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲခံထားရသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးက ဖမ်းဆီးခံထားရသော်လည်း စိတ်မပူကြရန် ရဲဘော်မင်းဌေးက ပြောသည်။

စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် ရဲဘော်မင်းဌေး တရားရုံးသို့ ရောက်ရှိလာပြီး ကျန်းမာရေးကောင်းမွန်နေပြီး သူ့အား စိတ်မပူကြရန် ရုံးချိန်းအပြီး မဇ္ဈိမမှတဆင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဆင်ပြေပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးလည်း ကောင်းပါတယ်။ အဆင်ပြေတယ်။ ကျွန်တော်ကို ကောင်းကောင်း မွန်မွန်ထားပါတယ်။ မိတ်ဆွေ သူငယ်ချင်းအားလုံးကို စိတ်မပူကြဖို့ ပြောချင်တယ်”ဟု ရဲဘော်မင်းဌေးက ရုံးချိန်းအပြီး မဇ္ဈိမကို ပြောသည်။

အမှုနှင့်ပတ်သက်၍ သူ့အနေဖြင့် “သူတို့က ကျွန်တော်ကို သံသယနဲ့ ဖမ်းတယ်လို့ ယူဆလို့ရတယ်။ အမှုနဲ့ ပတ်သက်ပြီး ကျွန်တော် တိတိကျကျ မသိဘူး” ဟု ပြောသည်။

 ယနေ့ မတ်လ ၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦး စစ်ဆေးရန် ဖြစ်သော်လည်း ရဲဘော်မင်းဌေး၏ ရှေ့နေဘက်မှ တက်ရောက်လာနိုင်ခြင်း မရှိသဖြင့် စစ်ဆေးခြင်း မရှိဘဲ လာမည့် မတ်လ ၁၅ ရက်နေ့ ရုံးချိန်းယူခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က နည်းနည်းအခက်အခဲဖြစ်သွားတယ်။ ကျွန်တော်တို့ရှေ့နေက ကိစ္စတစ်ခုကြောင့် မအားဘူးဖြစ်သွားတယ်။ မအားတော့ တရားလိုကို စစ်ဖို့ပဲ။ ဒါပေမယ့် ရှေ့နေမရှိတော့ မစစ်နိုင်ဘူး ဖြစ်သွားတယ်”ဟု ABSDF မှ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောသည်။

 ယနေ့ ရုံးချိန်းတွင် ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)မှ ဗိုလ်ကြီး သက်ဆွေလွင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တရားလိုပြသက်သေ ဗိုလ်ကြီး ဇော်မိုးအောင် ဆိုသူကို စစ်ဆေးခဲ့သည်။ တရားလိုဘက်မှ သက်သေ ၁၀ ဦးအား စစ်ဆေးမည် ဖြစ်ပြီး သက်သေ ၉ ဦး စစ်ဆေးရန် ကျန်နေသေးသည်။

ရဲဘော်မင်းဌေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခံရကာ သူ့အား ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အကျိုးဆောင်ပေးသည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags