စစ်တွေမြို့အတွင်း ဆေးခြောက်များ စံချိန်တင်ဖမ်းမိ

စစ်တွေမြို့အတွင်း ဆေးခြောက်များ စံချိန်တင်ဖမ်းမိ

စစ်တွေ၊ မတ် ၁ ရက်။          ။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အတွင်း ဆေးခြောက်အများအပြားကို ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စံချိန်တင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့မရဲစခန်း စခန်းမှူး ရန်နိုင်လတ်က ပြောသည်။

“ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်မှာတော့ စစ်တွေမြို့နယ်မှာ ဆေးခြောက်အများဆုံး ဖမ်းမိနိုင်ခဲ့တာလို့ ပြောရမှာပါ”ဟု စခန်းမှူး ရန်နိုင်လတ်က ပြောသည်။

ဖမ်းဆီးရမိသည့် စံချိန်တင် ဆေးခြောက်အလေးချိန်မှာ ၄၀၁၇၀၁၄၀.၂၉ ဂရမ်ရှိပြီး တစ်ဂရမ်လျှင် ကာလပေါက်ဈေး ကျပ် တစ်ထောင်နှုန်းထားဖြင့် စုစုပေါင်း ကျပ်ငွေ ၄၀၁၇၀၁၄၀ တန်ဖိုးရှိကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရသည်။

ယင်း ဆေးခြောက်များကို စစ်တွေမြို့ရှိ ၂၀၁၂ ခုနှစ်၊ ပဋိပက္ခတိမ်းရှောင်ဒုက္ခသည်စခန်းအနီး၊ ဒါးပိုင်ကျေးရွာမှ အာမောက်ဟူဆောင်း၏ နေအိမ်အား သတင်းအရ ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ ဆေးခြောက်တွေ သူတို့ ဆီကို ရောက်လာတာက ရေလမ်းခရီးနဲ့ ရောက်လာတာပါ၊ ဘင်္ဂလားက ဝင်လာတာပါ။  ဒုက္ခသည်စခန်းအတွင်းထဲမှာပဲ သူတို့က ရောင်းချမလို့ လုပ်နေကြတာ။ နောက်ထပ် ဒီအမှုနဲ့ဆက်စပ်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီး အရေးယူနိုင်ဖို့ ကွင်းဆက်တွေကို စုံစမ်းပါတယ်။” ဟု စစ်တွေမြို့မ ရဲစခန်းမှူး ရန်နိုင်လတ်က ပြောသည်။

ဖမ်းဆီးရမိသည့် စံချိန်တင် ဆေးခြောက်များ၏ ပိုင်ရှင်ဖြစ်သူ အာမောက်ဟူဆောင်းအား စစ်တွေမြို့မ ရဲစခန်း၌ မမစ စစ်တွေ မယ (ပ) ၁၄/၂၀၁၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly