သပိတ်ကျင်း ရေကြီးမှု နေအိမ် ၄၀ကျော်ပျက်စီး၊ အိမ်ကိုးလုံးရေစီနဲ့မျောပါကာ ကိုးဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေ

သပိတ်ကျင်း ရေကြီးမှု နေအိမ် ၄၀ကျော်ပျက်စီး၊ အိမ်ကိုးလုံးရေစီနဲ့မျောပါကာ ကိုးဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေ
သပိတ်ကျင်းမြို့နယ်တွင် ရေစီးဖြင့် မျောပါကာ ပျက်စီးခဲ့သည့် အိမ်တစ်လုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ကိုဦး)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်၊ ကျောက်ဖြူ၊ တောင်လယ်၊ ရှားတော၊ ဒေါင်းပုန်း ကျေးရွာများတွင် ဇူလိုင်လ ၂၄ ရက် ညက စတင်ရွာသွန်ခဲ့သော မိုးကြောင့် နေအိမ်များ၊ ကျွဲနွားများ ရေမျောကာ လူများသေဆုံးခဲ့သည်။

ယင်းသို့ ပျောက်ဆုံး၊ သေဆုံးမှုများအတွက် ဒေသခံများနှင့် လူမှုပရဟိတအသင်းများမှ ရှာဖွေကယ်ဆယ်ရှင်းလင်းမှုများကို ဇူလိုင်လ ၂၆ ရက်တွင် ပြုလုပ်လျက်ရှိသည်ဟု တောင်လယ်ကျေးရွာအုပ်စု အရံမီးတပ်ဖွဲ့ တပ်ခွဲမှူး ဦးမျိုးဆင့်က မဇ္ဈိမ ကိုပြောသည်။

“ကျွန်တော်တို့ အခု ငါးဦးပဲ တွေ့သေးတယ်။ အကုန်တွေ့အောင်ရှာဖွယ်နေတယ်။ အခုချိန်ထိမတွေ့သေးဘူး။ချောင်းရိုးတစ်လျောက် လိုက်ပြီးရှာဖွယ်နေတယ်။ သုံးဦးကျန်နေသေးတယ်။ မတွေ့မချင်းရှာဖွေသွားမယ်။"ဟု ဦးမျိုးဆင့်က ပြောသည်။

အဆိုပါကျေးရွာများတွင် နေအိမ်စုစုပေါင်း အိမ်ခြေ ၄၀ ကျော်ပျက်စီးခဲ့ပြီး နေအိမ် ၉ လုံးမှာ ရေမျောသွားခဲ့သည်။ အဆိုပါရေကြီးမှုကြောင့် ဇူလိုင် ၂၆ရက် ညနေအထိ သေဆုံးသူ ကိုးဦးရှိခဲ့ပြီး ပျောက်ဆုံးသူ ရှစ်ဦးအနက် ငါးဦး၏ အလောင်းကို တွေ့ပြီဖြစ်ရာ သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

မိသားစုသုံးဦးဆုံးရှုံးခဲ့သည့် ကိုမင်းအောင်က “အဖေရယ်၊ အမေရယ်၊ သမီးရယ် ပါသွားတယ်။ အဖေနဲ့သမီးကတွေ့ပြီ အမေကျန်သေးတယ်။ ကျွန်တော့်ဘဝက ဆုံးသွားပြီ။ အဖေလည်းမရှိတော့ဘူး။ အမေလည်းမရှိတော့ ကျွန်တော်အချစ်ဆုံးသမီးလေးလည်း သေပြီ။ ကျွန်တော်တို့ ဒီနေရာလည်း ဆက်မနေချင်တော့ဘူး။ ကျွန်တော်တို့ကို ဘေးလွတ်တဲ့နေရာကိုပဲ ရွှေ့ပြောင်းပေးစေချင်တယ်။ အခုလမ်းဘေးမှာပဲ သေတဲ့သူတွေထားထားရတယ်။”ဟုပြောသည်။

တောင်လယ်ကျေးရွာမှ နေအိမ်မျောပါဆုံးရှုံးသွားသူ အသက် ၇၀ အရွယ် ဦးချစ်အောင်က “အဘ ဒီတစ်ခါပဲ ကြုံဘူးတယ်။ရေကအလုံးလိုက်ကို ပြုတ်ကျလာတာပါ။ လူတွေမသေအောင်ဘဲ ကုန်းပေါ်တက်ပြေးခဲ့ရတယ်။နေဖို့အိမ်တစ်လုံးပြန်ဆောက်ဖို့ကလည်း မလွယ်ဘူး။ လောလောဆယ်တော့ ဖြစ်သလိုနေသွားရုံပဲ။"ဟု ပြောသည်။

ယင်းအပြင် ရေကြီးမှုကြောင့် နွားအကောင် ၆၀ ကျော်ရေဖြင့် မျောပါခဲ့ရပြီး အရှင် ၂၅ ကောင်နှင့် အသေ ၈ ကောင်သာ တွေ့သေးသည်။

ကျောက်ဖြူကျေးရွာမှ နွာ ၃၆ ကောင် ရေမျော ဆုံးရှုံးခဲ့သူ ကိုကျော်စိန်က “ဘာမှကို ပြန်မရတာပါ။ ဘာဆက်လုပ်ရမယ် ဆိုတာလည်းမသိဘူး။ အခုချိန်ထိ ဘာအကုအညီမှလည်းမရသေးဘူး။ ကိုယ့်နွားကို ကိုယ်ပြန်ရှာနေရတယ်။" ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင် က “ကျွန်တော်တို့အဖွဲ့တွေ ကူညီမှုတွေလုပ်နေတယ်။ဖြစ်နေတာက တစ်နေရာတည်းမဟုတ်ဘူးလေ။ နေရာတိုင်းကို အဆင်ပြေအောင် ကူညီပေးနေတယ်။အားလုံးကိုတော့ မဖြေဆည်းပေးနိုင်သေးဘူး။ အသေအပျောက်စာရင်းတွေလည်း ကောက်နေတယ်။"ဟု ပြောသည်။

လမ်းများလည်း ပိတ်မိနေ

ထိုသို့မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မန္တလေး၊ တွင်းငယ်၊ တကောင်း၊ မိုးမိတ် သွားလမ်းပိုင်းတွင် တံတား ၆ စင်း ပျက်စီးနေကာ ခရီးသည်တင်ကားများ ပိတ်မိနေပြီး ဒေသခံ ဖြတ်သန်းသွားလာနေကြသူများလည်း အခက်အခဲများဖြစ်နေသည်။

“ကျွန်တော်တို့ မနေ့ကတည်းက ပိတ်မိနေတယ်။ နောက်ပြန်ဆုတ်လည်းမရတော့ဘူး။ နောက်ကတံတားကလည်း ကျိုးသွားပြီ။ ကျွန်တော်တို့က ကြုံတွေ့ဖူးတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် ခရီးသည်တွေကျတော့ ဒုက္ခတွေရောက်တာပေါ့။ ဆောက်လုပ်ရေးကတော့ ပြင်နေတာပဲ။ ဘယ်အချိန် ပြီးမယ်ဆိုတာတော့မသိဘူး "ဟု မိုးမိတ်မန်း ယာဉ်မောင်း ကိုသိန်းဌေး ကပြောသည်။
 
ထိုသို့တံတားများမကောင်းသောကြောင့် ဒေသခံများအနေဖြင့် ရေထဲမှဖြတ်သန်းသွားလာနေရသည်။ထိုသို့ဖြတ်သန်းသွားလာရာတွင် ဆိုင်ကယ်တစ်စီးကို ၂၀၀၀ကျပ်ပေး၍ ဖြတ်သန်းနေရသည်ဟု တွင်းငယ်ကျေးရွာမှ ကိုဝေယံကဆိုသည်။

ထိုသို့တံတားများပျက်စီးနေခြင်းအား လမ်းအထူးဖွဲ့ ၉ မှ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ပေးနေပြီး ခရီးသည်များ ခရီးဆက်လက်ထွက်ခွာနိုင်ရန် စီစဉ်ပေးသွားမည်ဟု လမ်းအထူးဖွဲ့ ၉ မှ ဦးစီးအရာရှိ ဦးဇော်လတ်က ပြောသည်။

“ကျွန်တော်တို့ သုံးရက်အတွင်းအပြီး ပြုပြင်သွားမှာပါ။ ချက်ခြင်းမပြင်နိုင်တာကတော့ စက်ယန္တရား မလုံလောက်တော့ စောင့်လုပ်နေရတယ်။ ဌာနမှာက အလုံအလောက်မရှိဘူး။ ဒီနေ့ပိတ်မိနေတဲ့ ခရီးသည်တွေ ခရီးဆက်နိုင်အောင် စီစဉ်ပေးဖို့လုပ်နေတယ်" ဟု ဦးဇော်လတ် ကပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်ပေါတံတားကျိုးမှုကြောင့်လည်း အမျိုးသား လေး ဦးနှင့် အမျိုးသမီး ၁ ဦး တို့သေဆုံးခဲ့ပြီး ၃ ဦးအတွင်းလူနာနှင့် ၁ဦး အပြင်လူနာအဖြစ် ကုသနေသည်ဟု သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly