ပြည်တွင်းစစ် ရပ်တန့်ရေးလှုပ်ရှားသူ မသန်စွမ်းသူများအား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြိုဆို

ပြည်တွင်းစစ် ရပ်တန့်ရေးလှုပ်ရှားသူ မသန်စွမ်းသူများအား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြိုဆို

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၈ ။              ။ ပြည်တွင်းစစ် အဆုံးသတ်ရပ်စဲစေရန် ကိုယ်အင်္ဂါ မသန်စွမ်းသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများ စုပေါင်း၍ ပြုလုပ်သော ငြိမ်းချမ်းရေး “Wheel Chair” လှုပ်ရှားမှု ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင် ရောက်ရှိကာ အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

နေပြည်တော်သို့ ရောက်ရှိလာသော မသန်စွမ်းသူများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NRPC ရုံးတွင် ကြိုဆိုသောအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့သည်ဟု ရန်ကုန်မျက်မမြင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်မြသီတာလွင်က ပြောသည်။

“ဒီနေ့ နေပြည်တော် ရောက်ပါပြီ။ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ကို ကြိုဆိုဂုဏ်ပြုတဲ့ အစီအစဉ် လုပ်ပြီးသွားလို့ ရန်ကုန်ပြန်တော့မှာပါ။ အခမ်းအနားမှာတော့ အဖွင့်အပိတ်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ကျွန်မတို့အဖွဲ့ခေါင်းဆောင်က ခရီးစဉ် ရှင်းပြပါတယ်။ ပြီးတော့ ခရီးစဉ်တစ်လျှောက်လုံးက မှတ်တမ်းဓာတ်ပုံများကို ပါဝါပွိုင့်နဲ့ ပြသတယ်။ ကျွန်မတို့ကို အပြန်အလှန် လက်ဆောင်ပေးကြပါတယ်။ ခရီးစဉ်အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အခက်အခဲတော့ မရှိပါဘူး”ဟု ဒုတိယကျောင်းအုပ် ဒေါ်မြသီတာလွင်က ပြောသည်။

ယခု ခရီးစဉ်သည် ငြိမ်းချမ်းရေးတွဲလက်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မငြိမ်းချမ်းသေးသည့် ရှမ်းပြည်နယ်ဘက်တွင်လည်း ယခုကဲ့သို့ လှုပ်ရှားမှု ခရီးစဉ် သွားသင့်သည်ဟု မှတ်ချက်ပေးခဲ့သည်ဟု သူက ပြောသည်။

 ယခုကဲ့သို့ မြစ်ကြီးနားမြို့မှ နေပြည်တော်အထိ လမ်းတစ်လျှောက်ရှိ ပြည်သူလူထုက မသန်စွမ်းသူများနှင့် အမြင်အာရုံချို့တဲ့သူများ၏ လမ်းလျှောက်လှုပ်ရှားမှု ခရီးစဉ်အပေါ် ငြိမ်းချမ်းရေး လိုလားကြောင်း၊ နှုတ်မှလည်း ပြောဆိုခြင်းဖြင့် ဆက်လက် လှုံ့ဆော်သွားကြမည်ဟု ပြောဆိုမှုများသည် ခရီးစဉ်၏ အောင်မြင်မှု ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

 “ဒီလိုမျိုး လမ်းတလျှောက်က လူထု ငြိမ်းချမ်းရေး လိုလားကြပါ။ နှုတ်ကနေလည်း တဆင့်ပြောကြပါဆိုတာတွေက လှုံ့ဆော်တဲ့အရာက သူတို့ ရပ်ရွာမှာလည်း ဆက်ပြီးတော့ လှုံ့ဆော်ကြမယ်ပြောဖို့ ရှိပါတယ်။ ဒီလိုမျိုး လမ်းတစ်လျှောက်က လူထုငြိမ်းချမ်းရေး လိုလားကြပါ၊ နှုတ်ကနေလည်း တဆင့်ပြောကြပါဆိုတာတွေက လှုံ့ဆော်တဲ့အရာက သူတို့ ရပ်ရွာမှာလည်း ဆက်ပြီးတော့ လှုံ့ဆော်ကြမယ်ပြောဖို့ ရှိပါတယ်လို့ ပြောတယ်။ အဲဒါက ခရီးစဉ်ရဲ့ အောင်မြင်မှုလို့ ကျွန်မ ထင်ပါတယ်”ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု ခရီးစဉ်၏ ဆောင်ပုဒ်သည်လည်း “ ဒို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်က ဖွင့်ဟပြောကြားပေး” ဟူ၍ ဖြစ်သည်။

လူပုဂ္ဂိုလ်၊ နယ်မြေခံ အဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများ၊ ရခိုင်အမျိုးအနွယ်ဝင် တစ်ခုဖြစ်သော မာရာကြီး တိုင်းရင်းသားအဖွဲ့က သိန်း ၅၀ လှူဒါန်းထားခဲ့သည့် အလှူငွေများကို မကြာမီ စစ်ပြေးဒုက္ခသည်များအား လှူဒါန်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာ၍ မိုးကောင်း၊ မိုးညှင်း၊ မော်လူး၊ မော်ဟန်ကျေးရွာ၊ ကသား၊ ထီးချိုင့်၊ တကောင်း၊ သပိတ်ကျင်း၊ လက်ပံလှ၊ မန္တလေး၊ ဝမ်းတွင်း မီတ္ထီလာ၊ တပ်ကုန်း၊ နေပြည်တော် စသည့် မြို့ပေါင်း ၁၄ မြို့အား ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဖြတ်သန်းခဲ့သော မြို့များတွင် ညပိုင်းတွင် အမြင်အာရုံချို့တဲ့သူများ ငြိမ်းချမ်ရေးဟောပြောခြင်း၊ ငြိမ်းချမ်းရေး တေးသီးချင်းများဖြင့် ဖျော်ဖြေခြင်းများနှင့် ပြည်သူလူထုထံမှ ပြည်တွင်း စစ်ရပ်တန့်ပေးရေး ထောက်ခံလက်မှတ်များ ရယူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly