အီဗရာဟီမိုဗစ်၏ အနာဂတ်မှာ ဘာမဆို ဖြစ်ပျက်သွားနိုင်ကြောင်း အေးဂျင့်ရွိုင်အိုလာ ပြောကြား

အီဗရာဟီမိုဗစ်၏ အနာဂတ်မှာ ဘာမဆို ဖြစ်ပျက်သွားနိုင်ကြောင်း အေးဂျင့်ရွိုင်အိုလာ ပြောကြား

ဖေဖော်ဝါရီ ၂၈၊ အင်္ဂလန် ။            ။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်၏အနာဂတ်မှာ ဘာမဆို ဖြစ်ပျက်သွားနိုင်ကြောင်း အေးဂျင့်ရွိုင်အိုလာက ထုတ်ဖော်ပြောဆိုလိုက်သည်။

မိုဗစ်သည် ယခုနှစ်ရာသီတွင် မန်ယူအတွက် ပြိုင်ပွဲပေါင်းစုံတွင် ဂိုးပေါင်း ၂၆ ဂိုးအထိသွင်းယူပေးထားသူ ဖြစ်သည်။ ပြီးခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲတွင်လည်း ဆောက်သမ်တန်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ရာ၌ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ထိုကဲ့သို့ ခြေစွမ်းပြလျက်ရှိနေသောကြောင့် မန်ယူအသင်းက မိုဗစ်ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားပြီး နည်းပြ မော်ရင်ဟိုကလည်း မိုဗစ်ကို အသင်း၌ ဆက်ကစားသွားစေလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ရွိုင်အိုလာက ‘အင်္ဂလန်မှာ မိုဗစ် အောင်မြင်မှု ရယူနိုင်မှာကို ဘယ်တုန်းကမှ သံသယမဖြစ်မိပါဘူး။ သူက နိုင်ငံတိုင်းမှာ အောင်မြင်ခဲ့သူပါ။ မိုဗစ်ဟာ မားစ်ဂြိုလ်နဲ့ လကမ္ဘာပေါ်မှာပါ   အောင်မြင်နိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ သူ့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ မိုဗစ်က တစ်ခြားကလပ်အသင်းတစ်ခုကို ပြောင်းပြီး ငွေတွေအများကြီးရအောင် ပြုလုပ်နိုင်တဲ့သူ ဖြစ်လို့ပါ။

ကျွန်တော့်အနေနဲ့ ကစားသမားတွေရဲ့ စာချုပ်ကိစ္စအသေးစိတ်ကို သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားလေ့မရှိပါဘူး။ ဒီကိစ္စက ကျွန်တော်ရယ်၊ ကစားသမားရယ်၊ ကလပ်အသင်းရယ်ကြားမှာ ဆွေးနွေးရမယ့် ကိစ္စလို့ ထင်ပါတယ်။

စိတ်ကျေနပ်စရာကောင်းတဲ့ လက်ရှိအခြေအနေကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားသင့်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ဘာမဆိုဖြစ်ပျက်သွားနိုင်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားမှာပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly