ဒေါ်အောင်ဆန်းစုကြည်နှင့် DPN နေပြည်တော်တွင် မတ်လ ၁ ရက်နေ့ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် DPN နေပြည်တော်တွင် မတ်လ ၁ ရက်နေ့ တွေ့ဆုံမည်
ဓာတ်ပုံ-မင်းမင်း

ချင်းမိုင်၊ဖေဖော်ဝါရီလ ၂၇ ။           ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသော   နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့ နေပြည်တော်ရှိ NRPC ရုံးတွင် မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲတွင် တွေ့ဆုံမည် ဖြစ်သည်။

အဓိကအားဖြင့် DPN က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် တင်ပြထားသည့် အချက် ၉ ချက်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC မှ တွဲဘက်အတွင်းရေးမှူး ( ၁) ဦးထွန်းဇော်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကျွန်တော်တို့ အဆိုပြုထားတဲ့ အချက် ၉ ချက်အပေါ်မှာ အခြေခံပြီးတော့ မူဝါဒသဘောထားတွေကို ဆွေးနွေးမှာ   ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မူဝါဒသဘောထားတွေကို ပြတ်မှ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးရတာ အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လာမည့် မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီမှာ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်းကြမည် ဖြစ်ပြီး အဓိကအားဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၎င်းတို့၏ အဆိုပြုချက် အချက် ၉ ချက်ကို ဆက်လက် ညှိနှိုင်းကြမည် ဖြစ်ကြောင်း ဦးထွန်းဇော်က ပြောသည်။

UNFC ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ DPN မှ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်များ သွားရောက်ကြမည် ဖြစ်ကြောင်း သူက ပြောသည်။ နှစ်ဖက် တွေ့ဆုံမှုနှင့်ပတ်သက်၍ UNFC က မကြာမီ တရားဝင် ကြေငြာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း သူက ပြောသည်။

 မတ်လ ၃ ရက်နေ့ DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအထူးကိုယ်စာလှယ်တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် ယနေ့တွင် အစိုးရထံသို့ အကြောင်းကြားလိုက်သည်ဟု ဦးထွန်းဇော်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly