မူးယစ်ဆေးသုံးစွဲသူ ပပျောက်ရေးအတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး အသင်းရုံများ ဖွင့်လှစ်မည်

မူးယစ်ဆေးသုံးစွဲသူ ပပျောက်ရေးအတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး အသင်းရုံများ ဖွင့်လှစ်မည်

မန္တလေး၊ဖေဖော်ဝါရီ ၂၇ ။            ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူ လျော့နည်းပပျောက်စေရန်အတွက် ရပ်ကွက်တိုင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး အသင်းရုံများဖွင့်လှစ်၍ လုပ်ဆောင်သွားမည်ဟု အောင်မြေသာစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်လှိုင်က မဇ္ဈိမကို ပြောသည်။

အောင်မြေသာစံမြို့အတွင်းတွင် ပါဝင်သည့် ရပ်ကွက် ၁၉ ရပ်ကွက်ကို စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး အသင်းရုံများ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထိုသို့ ဖွင့်လှစ်နိုင်ရန်အတွက် တစ်ရပ်ကွက်လျှင် ၂ ဦးခေါ်ယူ၍ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

"ဒီအတန်းပြီးတာနဲ့ အမြန်ဆုံး အသင်းရုံးတွေ ဖွင့်သွားမယ်"ဟု အောင်မြေသာစံမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က "သုံးစွဲသူ ပပျောက်ရင် ရောင်းဝယ်မှုလည်း ပပျောက်သွားမယ်။ သုံးတဲ့သူရှိလို့ ရောင်းတယ်။ ရောင်းတဲ့သူရှိလို့ သုံးတယ်။ သံသရာလည်နေတယ်။ သုံးစွဲသူ ပပျောက်ဖို့က ပညာပေးမှုတွေ စည်းရုံးမှုတွေ ကျွန်တော်တို့ လုပ်သွားမယ်။ ရောင်းတာ ပပျောက်ဖို့ကတော့ သက်ဆိုင်ရာ အဖွဲ့တွေက လုပ်ရမယ်"ဟု ပြောသည်။

ရပ်ကွက်များတွင် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများ ဖွင့်လှစ်ပြီးပါက ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ်နှင့်HIV / AIDS ရောဂါ ကြိုတင်ကာကွယ် အသိပညာပေးရေး လုပ်ငန်းများ၊ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်များအား စည်းရုံးပြီး ဆေးကုသမှုခံယူနိုင်ရန် အကူအညီပေးရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး ဖြတ်ပြီးသူ လူငယ်များအား   ပြန်လည်ထူထောင်မှုခံယူစေရန် ကူညီဆောင်ရွက်ပေးရေး လုပ်ငန်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူ လူငယ်များအား နောက်တစ်ဖန် မူးယစ်ဆေးဝါး ပြန်လည်မသုံးစွဲမိစေရန်   နောက်ဆက်တွဲ   စောင့်ရှောက်မှုပေးရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု မရှိတော့သည့် လူငယ်များအား၏ (မ-ထ-ဘ) မှတ်ပုံတင် ပယ်ဖျက်နိုင်ရန် အကူအညီပေးရေးလုပ်ငန်း၊  ဆေးပြတ်ပြီးသူ လူငယ်များအား လူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ပေါင်းစပ်ကူညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းအနေဖြင့် "ဆေးစွဲ သံသရာ ကင်းဝေးရေး၊ စေတနာဖြင့် ကြီးကြပ်ပေး"ဆောင်ပုဒ်ကို လက်ကိုင်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly