သံတွဲမြို့နယ်က သိမ်းဆည်းခံလယ်မြေတွေ ပြန်ရဖို့ တောင်သူတွေ ဆန္ဒပြတောင်းဆို

သံတွဲမြို့နယ်က သိမ်းဆည်းခံလယ်မြေတွေ ပြန်ရဖို့ တောင်သူတွေ ဆန္ဒပြတောင်းဆို

စစ်တွေ၊ ဖေဖေါ်ဝါရီ ၂၇ ရက်။              ။ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိနိုင်ရေးအတွက် ယနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နေ့လည်က တောင်သူ ၃၀၀ ခန့် ပါဝင်သော ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ငပလီကမ်းခြေတွင် ပြုလုပ်ခဲ့ကြသည်။

“ သိမ်းဆည်းခံ လယ်မြေတွေကို ပြန်ရဖို့ သက်ဆိုင်ရာကို တိုင်ပေမဲ့ သူတို့က ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒေသခံတောင်သူတွေပဲ တရားခံလိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ သိမ်းဆည်းခံ တောင်သူတွေစုပြီး ခုလို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုလာရခြင်း ဖြစ်ပါတယ်။” ဟု သံတွဲမြို့နယ် တောင်သူလယ်သမား သမဂ္ဂမှ ဦးညီလေးကြီးက ပြောသည်။

သိမ်းဆည်းခံ လယ်မြေများမှာ သံတွဲမြို့နယ် ဆင်ကြပ်ကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဝါးတောင်ကွင်း ကျေးရွာ၊ ဒေါင်းသောက်တောင်နှင့် ငပလီကျေးရွာများမှ ဖြစ်ကာ ဧက ၂၀၀ ခန့် ရှိကြောင်း ဆန္ဒပြ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

“ ကျွန်တော်တို့ လယ်ယာမြေတွေ မတရားအသိမ်း ခံရတာပါ။ ငပလီကမ်းခြေရှိ ခလရ ၅၅ခြေလျင်တပ်ရင်း နှင့် UG ကုမ္ပဏီတို့ က သိမ်းတာပါ။ ကျွန်တော်တို့ က သက်ဆိုင်ရာကို တိုင်ကြားတယ် ဒါပေမဲ့ ဘာမှ မလုပ်ပေးပါဘူး။” ဟု လယ်မြေသိမ်းဆည်းခံသူ တစ်ဦးဖြစ်သော ဦးကျော်စိုးက ပြောသည်။

လယ်မြေသိမ်းဆည်းခံ တောင်သူများအနေဖြင့် ၎င်းတို့၏ မူလပိုင်ဆိုင်မြေများကို ပြန်လည် မရရှိသမျှကာလပတ်လုံး ထပ်မံ ဆန္ဒပြမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန္ဒပြတောင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly