အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့က ဂျာမန် ဓားစာခံကို ခေါင်းဖြတ်ပစ်လိုက်ပြီဟု ဖိလစ်ပိုင် ပြော

အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့က ဂျာမန် ဓားစာခံကို ခေါင်းဖြတ်ပစ်လိုက်ပြီဟု ဖိလစ်ပိုင် ပြော

ဖေဖော်ဝါရီ ၂၇ ။                 ။ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဂျာမနီ နိုင်ငံသား ဓားစာခံကို ယခုအခါ အဘူ ဆေယက်ဖ် အကြမ်းဖက်အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားသွားသည်။

အဆိုပါ ဓားစာခံ လွတ်မြောက်ရေးအတွက် ပြန်ရွေးငွေတောင်းခံထားသော်လည်း ညှိနှိုင်းမှု အဆင်မပြေခဲ့ဘဲ ယခုအခါ သတ်မှတ်ရက်ချိန်းကျော်သွားခဲ့ပြီးနောက် ဓားစာခံမှာ ခေါင်းဖြတ်ခံလိုက်ရပြီဟု ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောသည်။

ဖိလစ်ပိုင် အစွန်အဖျားကျွန်းစုများ တစ်ဝိုက်လှုပ်ရှားနေသော အိုင်အက်စ်သစ္စာခံ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ဟာ ၎င်း ဂျာမန် ဓားစာခံ အသက် ၇၀ နှစ်ရှိ ဂျာဂန် ကန်နာ ဆိုသူကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး ပြန်ရွေးငွေ တောင်းနေခဲ့ခြင်းဖြစ်သည်။

အစောပိုင်းကလည်း ဖိလစ်ပိုင် သမ္မတ၏ ငြိမ်းချမ်းရေးအကြံပေး ဂျီးဆက်စ် ဒူရီဇာကလည်း ဂျာမန်ဓားစာခံမှာ ခေါင်းဖြတ်ခံလိုက်ရပြီဟု ယုံကြည်ရကြောင်းနှင့် သို့ရာတွင်လည်း ၎င်းအား ကယ်ဆယ်နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ကြိုးပမ်းနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

အဘူဆေယက်ဖ် အုပ်စုမှာ ဖိလစ်ပိုင်အနောက်တောင်ပိုင်း ကျွန်းစုများတစ်ဝိုက်လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်ပြီး ဗုံးခွဲမှု၊ ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် ဆက်ကြေးတောင်းခံမှုများကို ကျူးလွန်ထားသော အဖွဲ့လည်း ဖြစ်သည်။

ယခင်နှစ်အတွင်းကလည်း ယင်းအဖွဲ့က ထိန်းသိမ်းခံ ကနေဒါ ဓားစာခံများကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly