RCSS က ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး မသေချာသေး

RCSS က ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး မသေချာသေး
ဓာတ်ပုံ စိုင်းလွိုင်ခမ်းပန်

ဖေဖော်ဝါရီလ ၂၅ ရက်၊ ချင်းမိုင်(မဇ္ဈိမ)။             ။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပရန် သက်ဆိုင်ရာအစိုးရသို့ တင်ပြထားသော်လည်း တောင်ကြီးမြို့တွင် ပွဲကျင်းပနိုင်ရေး မသေချာသေးကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်မိန်းက ပြောသည်။

လာမည့် မတ်လအတွင်း ၂၁ ရာစုပင်လုံ ညီလာခံ မတိုင်မီ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် လျာထားသော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးဘဲ ညှိနှိုင်းနေဆဲ   ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ကျင်းပဖို့ မသေချာသေးပါဘူး။ အတတ်နိုင်ဆုံး တောင်ကြီးမှာလုပ်ဖို့ တောင်းဆိုထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ မတ်လမှာ ၂၁ ရာစုပင်လုံ မတိုင်ခင် ကျင်းပဖို့ စဉ်းစားထားတာ ရှိတယ်။ ဒါပေမယ့် အခုထိ သတ်မှတ်ချက် အတိအကျ မရှိဘူး။ အကယ်၍ ဒီဆွေးနွေးပွဲကို မကျင်းပနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ပင်လုံတက်ရောက်နိုင်ဖို့ အခြေအနေ မရှိနိုင်တော့ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

မတ်လအတွင်း ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရန် အစိုးရက ပြင်ဆင်နေသဖြင့် RCSS အနေဖြင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိပါက ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သူက ပြောသည်။

ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) ထံခွင့်ပြုချက်တောင်းဆိုခဲ့ရာ ၎င်းဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ထိန်ချုပ်နယ်မြေ မိုင်းပန် သို့မဟုတ် မိုင်းထ စသည့် ဒေသများတွင် ကျင်းပရန် ပြောဆိုလာသဖြင့် အဆိုပါ ဒေသများတွင် ရှမ်းလူမျိုးများ သွားရေးလာရေး ခက်ခဲသဖြင့် လက်မခံနိုင်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်မိန်းက ပြောသည်။

“တောင်ကြီးက စင်ထရယ်လည်း ကျတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်။ အဘက်ဘက်က ရှမ်းလူမျိုးတွေ လာဖို့လည်း လွယ်ကူတဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့် တောင်ကြီးမှာ ကျင်းပဖို့ တောင်းဆိုထားတယ်။ ခွင့်ပြုချက်မရဘူး။ ခွင့်ပြုချက်က တပ်မတော် အခြေအနေကရော ကျွန်တော်တို့ကို RCSS အုပ်ချုပ်ရေးလုပ်ဖို့ လုပ်ငန်းသတ်မှတ်ထားတဲ့ နေရာတွေမှာ ပြောထားတာ ရှိတယ်။ ဒီနေရာမှာက ကျွန်တော်တို့အနေနဲ့ လက်ခံဖို့ အခက်အခဲရှိတယ်။ သွားရေးလာရေး ကျွန်တော်လူမျိုးအတွက် အခက်အခဲရှိတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို အစောပိုင်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့ပြီးနောက် မတ်လဒုတိယပတ်တွင် ကျင်းပရန် ပြောင်းရွှေ့ခဲ့သော်လည်း ယခု ထပ်မံ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သိရသည်။

RCSS/SSA သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလက တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့များက အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly