ဖေဖော်ဝါရီ ၂၅၊ လက်စတာ။ ။ လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလားရယူပေးပြီး ၉ လအကြာတွင် နည်းပြရာထူးမှထုတ်ခံလိုက်ရပြီးနောက် ၎င်း၏အိပ်မက်များအဆုံးသတ်သွားပြီဟု ကလော်ဒီယို ရာနီရေးရီက ပြောသည်။
အသက် ၆၅ နှစ်ရှိ ရာနီရေးရီသည် အလေးပေးမှု ၅၀၀၀ လေး ၁ လေးသာရှိသော လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလား ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
လက်ရှိရာသီတွင် လက်စတာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲကျန်နေသေးချိန်တွင် တန်းဆင်းဇုန်နှင့်တစ်မှတ်အကွာ၌ ရပ်တည်နေသည်။
“ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်လို့ ဝမ်းသာခဲ့ရပြီးနောက် ကျွန်တော့်အိပ်မက်အလုံးစုံက လက်စတာမှာပဲ ဆက်နေဖို့ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အဲဒါဖြစ်မလာနိုင်တော့ဘူး။
ဒီစွန့်စားခန်းဟာ အံ့သြစရာကောင်းခဲ့ပြီး ကျွန်တော်နဲ့ထာဝရ တည်ရှိနေမှာပါ။ အသင်းမှာရှိတဲ့သူတိုင်း၊ ကျွန်တော်တို့ အောင်မြင်ခဲ့ရာမှာ ပါဝင်ခဲ့သူတိုင်းကို ကျေးဇူးတင်နေမှာဖြစ်ပြီး အထူးသဖြင့် ပရိသတ်တွေကို ပိုပြီး ကျေးဇူးတင်ပါတယ်။
ခင်ဗျားတို့ဟာ အစဦးဆုံး နေ့ကတည်းက ကျွန်တော့်ကို နှလုံးသားထဲထည့်ထားခဲ့ကြပြီး ချစ်ခင်အားပေးခဲ့ကြပါတယ်။ ကျွန်တော်လည်း ခင်ဗျားတို့ကို ချစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အတူတကွ အောင်မြင်မှုကို ဘယ်သူမှ လုယူသွားလို့ မရပါဘူး။ အဲဒါကို စိတ်ထဲမှာတွေးထားပြီး ကျွန်တော့်လို အမြဲပြုံးနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။
အဲဒီအချိန်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ အံ့သြဝမ်းသာစရာအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ခင်ဗျားတို့နဲ့အတူ ချန်ပီယံတစ်ယောက် ဖြစ်ခွင့်ရခဲ့တာ ကျေနပ်ဂုဏ်ယူစရာပါ”ဟု ရာနီရေးရီက ပြောသည်။
Ref; BBC