Indonesia Fashion Week 2017 တွင် မြန်မာဝတ်စုံများဖြင့် သွားရောက်ပြသခဲ့သော ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

Indonesia Fashion Week 2017 တွင် မြန်မာဝတ်စုံများဖြင့် သွားရောက်ပြသခဲ့သော ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဆိုရိုးတစ်ခုရှိပါတယ်။ အဲဒါကတော့ “တောင်းမှာအကွပ် လူမှာအဝတ်” ဆိုတဲ့စကားပုံလေးပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ စားဝတ်နေရေး ဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှုက အရမ်းကိုအရေးပါလှပါတယ်။ အခုအချိန်မှာဆိုရင် ကမ္ဘာကြီးကရွာတစ်ရွာ ဖြစ်နေပြီဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှုတွေက ရောယှက်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာကဝတ်စားဆင်ယင်မှုတွေ ရောယှက်လျက်ရှိပါတယ်။ အဲဒီလိုနိုင်ငံတကာမှာ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုတွေ ချပြတဲ့အခါမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ အခန်းကဏ္ဍကအရေးပါလှပါတယ်။ ဒီနှစ်ထဲမှာဆိုရင်လည်း ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ချပြနိုင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program ကနေ မြန်မာဒီဇိုင်နာတစ်ယောက်ကို ဖိတ်ခေါ်ခြင်းခံရတာဟာ အရမ်းကိုဂုဏ်ယူဖို့ကောင်းပါတယ်။ အဲဒီလို ဖိတ်ခေါ်ခြင်းခံရသူကတော့ ဒီဇိုင်နာလောကမှာ ဆယ်စုနှစ်တစ်စုကျော်ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာပြပွဲ ပြိုင်ပွဲတွေမှာ သွားရောက်ပြသခဲ့တဲ့ ဒီဇိုင်နာမေမြတ်ဝါဆို (Happy Heart) ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ဂုဏ်ယူစွာပြသခဲ့တဲ့ ဒီဇိုင်နာမေမြတ်ဝါဆို (Happy Heart) နဲ့တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program မှာ သွားရောက်ပြသဖြစ်ပုံနဲ့ ဒီဇိုင်နာလောကက အကြောင်းတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ပါ။ ပထမဆုံးအနေနဲ့ဆိုရင် အစ်မအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program က ဖိတ်ခေါ်ခြင်းခံရတယ်။ ဒီဇိုင်နာတွေအများကြီးထဲကမှ အစ်မကို ဘာကြောင့် ဖိတ်ခေါ်ခြင်းခံရတယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ - အင်ဒိုနီးရှား Fashion Week ရဲ့ President ဖြစ်တဲ့ Poppy Dharsono က လှမ်းဖိတ်တယ်၊ သံအမတ်ကြီး ဒေါ်စံပယ်ဝင်း သူတို့ကလည်းလှမ်းဖိတ်တယ်ဆိုတော့ အစ်မ မနှစ်က 2016 Hong Kong Fashion Week မှာ အစ်မသွားပြ ဖြစ်တယ်။ အဲဒီမှာ မြန်မာဝတ်စုံလေးတွေပြတာကို သူတို့အရမ်းသဘောကျကြတယ်။ အဲဒီအတွက်ကြောင့် သူတို့ အင်ဒိုဘက်ကိုလည်း ဒီလိုပုံစံလေးတွေပြပေးပါဆိုပြီး တောင်းဆိုတယ်ပေါ့နော်။ အဲဒါနဲ့ အန်တီစံပယ်ဝင်းက အစ်မကိုဖိတ်တယ်။ ဖိတ်တော့ အစ်မကြည့်လိုက်တော့ အချိန်က အောက်တိုဘာလလောက်က ဆိုတော့ အချိန်ရတယ်။ ဒီနှစ်တော့သွားပြမယ်ဆိုပြီးတော့ လုပ်လိုက်တယ်။ မနှစ်ကတော့ ဟောင်ကောင်ရဲ့ ရှိုးပွဲကသူတို့နဲ့ တစ်ချိန်တည်းလို့ပြောတယ်။ ဒီနှစ်ကြတော့ သူတို့ဘက်က ကမ်းလှမ်းတော့သွားပြဖြစ်တယ်ပေါ့နော်။

မေး - အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program အတွက် အစ်မအနေနဲ့ ကြိုတင်ပြင်ဆင်သွားတဲ့အရာလေးတွေ ၊ ကြိုတင်ပြင်ဆင်သွားတဲ့ဝတ်စုံလေးတွေ အကြောင်းလည်းပြောပြပေးပါဦးခင်ဗျာ။

ဖြေ - သေချာဆုံးဖြတ်ချက်ချနိုင်တဲ့အချိန်ကတော့ နိုဝင်ဘာလလောက်ကနေ အမစီစဉ်ချိန်ရလိုက်ပါတယ်၊ အစ်မ အဲဒီအချိန်မှာ စစချင်းပြမယ်ဆိုတော့ ထုံးစံအတိုင်း မြန်မာဝတ်စုံပဲပြချင်တယ်။   မြန်မာဝတ်စုံပဲပြမယ်ဆိုတဲ့ အတွက် အစ်မလုပ်ရမယ့်ဟာ ဒီဇိုင်းလေးတွေ အရင်စဉ်းစားတယ်။ စဉ်းစားတော့မနှစ်ကမှ ရွှေချည်ထိုးတွေပြခဲ့တာဆိုတော့ ဒီနှစ်တော့ရွှေချည်ထိုးအစား တစ်ခုခုပေါ့နော်၊ နောက်ထပ် တစ်ခုစဉ်းစားလိုက်တယ်။ Handmade ဒီဇိုင်းလေးတွေလည်း ပြချင်တယ်ဆိုတော့ အစ်မပန်းချီဆွဲမယ်ပေါ့။ ပန်းချီဆွဲမယ်ဆိုတော့ အစ်မရဲ့ အစ်မအကြီးက ပန်းချီဆရာမ မနေခြည်ဝင်းလဲ့ရည်၊ သူ့ကိုအစ်မတိုင်ပင်တယ်၊ အထည်တွေမှာ ပန်းချီတွေဆွဲချင်တယ်၊ ဒါပေမယ့် အဲဒီပန်းချီကလည်း အစ်မ စိတ်ကူးထားတာလေး တစ်ခုရှိတယ်။ အစ်မပုသိမ်ထီးတွေနဲ့ပြချင်တယ်ဆိုတဲ့ အတွေးလေးပေါ့နော် ၊ အဲဒါက ဟောင်ကောင်က ပြန်လာလာပြီးချင်းအတွေး။ အဲဒီတုန်းကအမ ပုသိမ်ထီး ထည့်မလို့လုပ်သေးတယ် ၊ ပြီးတော့မှ အစ်မ မထည့်ဖြစ်တော့တာ ဆိုတော့ နောက်တစ်ခါတစ်ခုခု ပြဖြစ်ရင်တော့ ပုသိမ်ထီးလေးတွေထည့်မယ်ဆိုပြီးတော့ စဉ်းစားထားတာပေါ့နော်။ ပုသိမ်ထီးလေးလည်းပါမယ်ဆိုရင် ပုသိမ်ထီးနဲ့ဒီဝတ်စုံနဲ့ကို အလိုက်ပေါ့နော် အဲဒီလို ပန်းချီလေးတွေ သွားချင်တယ်ပေါ့နော်။ အဲဒီတော့ သူနဲ့လည်းတိုင်ပင်တယ်၊ အဲဒီတော့ သူကဘယ်အထည်မှာ ဘယ်လိုလေးတွေဆွဲမယ်၊ အဲဒီလိုမျိုးလေးပေါ့ နှစ်ယောက်တိုင်ပင်လိုက်တော့ သေချာတာကတော့ ပန်းချီတော့လုပ်မယ်၊ အဲဒီတော့ ဖရိန်ကို အရင်ဆုံးချလိုက်တယ်၊ ပြီးတော့မှ နောက်တစ်ဆင့် အရောင်ပေါ့။ အရောင် အစ်မဘယ်ဟာရွေးချင်လဲ၊ အဲဒီလိုဆိုတော့ တစ် Round တည်း ဒီလိုလုပ်လိုက်လို့ရှိရင်လည်း ဆန်းမယ်ပေါ့၊ အဲဒီလိုဆိုတော့ အစ်မက Thin Slim မိသွားမယ်ဆိုတော့ အနက်ပေါ့ အနက်နဲ့ရွှေကို အဓိကဦးစားပေးပြီးတော့ လုပ်ဖြစ်ခဲ့တယ်၊ ဒါအရောင်ရဲ့ရွေးချယ်မှုပေါ့နော်၊ ပြီးတော့မှဝတ်စုံဒီဇိုင်း တစ်ဆင့်တစ်ဆင့် အဲဒီလိုမျိုးပဲသွားခဲ့တယ်။

မေး - နောက်တစ်ခုက ပုသိမ်ထီးလေးကို ဒီဇိုင်းဆန်းထားတာ တွေ့တယ်ပေါ့။ မြန်မာ့ရိုးရာအထိမ်းအမှတ် တစ်ခုဖြစ်တဲ့ ပုသိမ်ထီးကို ဒီဇိုင်းဆန်းထားဖြစ်ပုံနဲ့ပတ်သက်ပြီးတော့လည်း နည်းနည်းလောက် ရှင်းပြပေးပါဦးခင်ဗျ။

ဖြေ - အစ်မကနားကပ်ပေါ့ နားတောင်းလုပ်တဲ့ ရွှေနားတောင်းကို အစက အဝိုင်း လုပ်ထားတယ်။ အဝိုင်းလုပ်ရင်းနဲ့မှ စိတ်ကူးထဲမှာ လေးထောင့်လေး လုပ်ချင်လာတယ်။ လေးထောင့်လေး လုပ်မယ်ဆိုပြီးတော့ လုပ်ထားလိုက်တော့ ထီးကိုလည်း အဲဒီမှာစဉ်းစားလိုက်မိတာ ထီးလည်း လေးထောင့်လေးဆိုရင်တော့ လှမယ်။ ထီးအကြီးကြီး လေးထောင့်ကြီးကတော့ အစ်မအရင်က မြင်ဖူးတယ်။ လေးထောင့်ကြီးတွေလုပ်တာပေါ့နော် ဒါပေမယ့် သေးသေးလေးဆိုရင်လည်း လှမယ်ပေါ့။ အဲဒီတော့ ထီးလုပ်ပေးတဲ့အစ်ကိုနဲ့လည်း တိုင်ပင်ရတာပေါ့ အစ်ကို ထီးလေး အဲဒီလိုမျိုးလေးလုပ်ချင်တယ်။ လေးထောင့်လေး လုပ်ချင်တယ်။ အဲဒါအဆင်ပြေမလား ရမလား။ ပြီးတော့ ပုံဆွဲတဲ့အခါ ကနုတ်ကအစ လေးထောင့်ဖြစ်သွားပြီဆိုတော့ ပြန်အချိုးတွေပေါ့နော်၊ အဲဒါလေးတွေလည်း အကုန်တိုင်ပင်ပေါ့၊ နောက်ပုံလေးတွေပေါ့ အစ်မ ဒီမြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပုံမှန်သမျှကို အကုန်ပါအောင်ထည့်ထားတယ်။ ထီးထဲမှာ ဘုရင် ၊ မိဘုရားအရုပ်တွေလည်းပါတယ်၊ ပုဂံခေတ်က မိန်းကလေးအရုပ်တွေလည်းပါတယ်။ နောက် ဒီလုံချည်နဲ့အဆင်တူ တစ်ချို့ဟာတွေဆိုရင် အစ်မ ဒီလုံချည်မှာ သနပ်ခါးလိမ်းတဲ့ကောင်မလေး သနပ်ခါးသွေးတဲ့ပုံဆိုရင် ထီးမှာလည်းအဲဒီလိုပုံပေါ့။ ပုသိမ်ထီးဆောင်းတဲ့ကောင်မလေး အဲဒါတွေလည်းဆင်တူအလိုက်လုပ်ချင်တယ်ပေါ့။ နောက်တစ်ခုက အစ်မကဘာကို ဖြစ်သွားချင်လဲဆိုတော့ ထီးလုပ်တဲ့နေရာမှာ အစ်မက အစက ထီးတွေလုပ်ပြီးသွားပြီ၊ လုပ်ပြီးသွားတော့မှ အစ်မက ရှိုးပဲပြမှာပေါ့နော်။ ဒီထီးက ရှိုးပဲပြမှာဆိုတော့ နှစ်ဖက်ပေါ့နော်။ နှစ်ဖက်အလှဖြစ်ချင်တယ်၊ အကိုရယ်လို့ ထွက်လာလို့ရှိရင် မြင်တာက နောက်ကျောကနေပဲမြင်မယ် ဒါပေမယ့်ရှေ့က မျက်နှာစာမှာ တကယ့်အရုပ်ကလည်း မြင်ချင်သေးတယ်ဆိုတော့ နှစ်ဖက်လှလုပ်ဖို့ အသားကအစ အရမ်းရွေးရတာပေါ့နော်။ အဲဒါလေးတွေလည်းတော်တော်အခက်အခဲဖြစ်ပါတယ်။ အဲဒါလေးတွေကအစ အသေးအရမ်းစိပ်သွားတဲ့အတွက် နှစ်ဖက်လှလုပ်ချင်တဲ့ထီးဒီဇိုင်းလေးတွေ အကုန်တိုင်ပင် အဲဒါလေးတွေအတွက် အချိန်အရမ်းပေးရတာပေါ့နော်။

မေး - အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီ Fashion Week Program မှာသွားရောက်ပြသတဲ့အခါမှာ အစ်မအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုရင် ဘာတွေဖြစ်မလဲခင်ဗျ။

ဖြေ - အခက်အခဲက ထီးဒီဇိုင်းလုပ်တဲ့ အခက်အခဲလေးရယ်၊ နောက်တစ်ခုက ရက်ကလည်းနီးလာပြီ နောက်စိတ်တိုင်းကျဖို့လုပ်တဲ့အခါမှာ အစ်မ ရွှေချည်ထိုးတစ်စုံလေးလည်းထည့်တယ်။ Opening Round မှာ အဲဒါလေးလည်းပါတယ်၊ နောက်ဆုံးအစုံလေးမှာ ရွှေချည်ထိုးရော ပန်းချီရော ရောတယ်ပေါ့။ အဲဒါလေးတွေလည်းပါတယ်၊ ရွှေချည်ထိုးက အချိန်အရမ်းကြာတယ်၊ အဲဒီအချိန်အခက်အခဲလေးတွေရယ်၊ နောက်ပြီးတော့ အစ်မစိတ်တိုင်းကျထွက်ဖို့အတွက် လည်ပင်းမှာ ရွှေကွင်းတွေလုပ်တယ်၊ အဲဒါကပျူခေတ်မှာ မြန်မာတွေ ရွှေကွင်းတွေအရမ်းဝတ်တယ်ပေါ့နော်။ ဒါပေမယ့်အစ်မ အတိအကျကြီးလည်း ပြန်မယူထားဘူး Modernized ပြန်လုပ်ထားတယ်ဆိုတော့ ကွင်းတွေလုပ်ရတဲ့ အချိန်အားဖြင့်လည်းကြာတယ်၊ နောက်ဆုံးတစ်ယောက်ဆို ဆံထိုးပေါ့နော်၊ ဆံထိုးဆို ဒီကနုတ်တွေပြန်ဖောက်ချင်တယ်ဆိုတော့ အဲဒီ ပန်းပုလုပ်တဲ့ ကနုတ်တွေနဲ့ အဲဒါတွေနဲ့လည်း အချိန်ပေါ့ အစ်မအတွက် အချိန်တွေ အဲဒီလိုကြာတော့ တကယ်ဝတ်စုံပိုင်းကိုကြတော့ အချိန်ကကပ်နေတယ်။ အဲဒါဆိုတော့ လောရတာပေါ့နော်။ အစ်မကိုလည်းလော၊  တိုင်ပင် မကြိုက်တဲ့ဟာမျိုးဆို ပြန်ဖြုတ်တဲ့ဟာနဲ့ အချိန်တွေ လုပြီးမနည်းလုပ်ရတာပေါ့နော်။ အဲဒါလေးတစ်ခုတော့ အချိန်ကြာတယ်။

မေး -  အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program ဆိုတာ ဘယ်လိုအစီအစဉ်မျိုးလဲဆိုတာ ပရိတ်သတ်ကြီးကို နည်းနည်းလောက်ရှင်းပြပေးပါလားခင်ဗျာ။

ဖြေ - သူတို့ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိက ပွဲပေါ့နော်။ အဲဒီမှာသူတို့ တစ်ခြား ဒီဇိုင်နာတွေလည်း ပါတယ်။ နိုင်ငံတကာက ဒီဇိုင်နာတွေလည်းပါတယ်။ နောက်အင်ဒိုနီးရှားကဒီဇိုင်နာတော့ ပိုများတာပေါ့။ အဲဒါက သူ့နေ့ သူ့အချိန်နဲ့သူ ပြတယ်။ ဒီလိုမနက်တစ်ပိုင်း တောက်လျောက်ပေါ့ ဒီလိုပွဲတွေလိုမျိုး ပြဖြစ်တယ်။ မော်ဒယ်တွေကလည်း အင်ဒိုနီးရှားမော်ဒယ်တွေ များတယ်ပေါ့နော်။ နောက်တစ်ခုက သူတို့ကအဓိက,က သူတို့ရဲ့ပါတိတ်ပေါ့နော်။ ပါတိတ်ဆိုပါတိတ်ကို ဘယ်လိုဆန်းရမလဲ အဲဒါတွေပေါ့နော်။ အစ်မ လေ့လာသမျှကတော့ ဒီပွဲမှာ ပါတိတ်တွေလည်းများတယ်။ ပြတာပေါ့နော်၊ ကိုယ့်နိုင်ငံရဲ့ အမှတ်အသားတော့ ကိုယ့်ဘာသာ အကုန်လုံးပါနေတယ်။

မေး - နောက်တစ်ခုကကျတော့ အင်ဒိုနီးရှား Fashion Week Program နဲ့ တခြားအစ်မသွားရောက်ပြသခဲ့တဲ့ နိုင်ငံတကာကပြပွဲတွေနဲ့ ဘယ်လိုမျိုးကွာခြားမှုတွေရှိလဲ။

ဖြေ - အစ်မတို့ 2011 တုန်းက ဘန်ကောက်ကိုသွားပြတယ်။ အဲဒီမှာတုန်းက Dress ဂါဝန်အရှည်တွေ အစ်မပြတယ်။ အဲဒီမှာရွှေချည်ထိုးအရုပ်ကြီးတွေနဲ့ပြတယ်။ အဲဒီတုန်းကကြတော့ ဖက်ရှင်ဒီဇိုင်နာတွေ group လိုက်သွားတယ်။ နောက်ပြီး ဂါဝန်ဖြစ်နေတဲ့အတွက်ကြာင့် ခုနကလို အချိန်အများကြီးယူစရာမလိုဘဲ အေးအေးဆေးဆေးရတယ်။ နောက်တစ်ခေါက်ကြတော့ ဟောင်ကောင် Fashion Week ပေါ့၊ 2016 တုန်းကကြတော့လည်း အစ်မကရှေ့ဆုံး အထွက်လိုဖြစ်သွားတော့ အချိန်အများကြီးရတယ်။ စိတ်တိုင်းကျပေါ့နော်။ အများကြီးမဟုတ်ပေမယ့် အခုထက်တော့အချိန်ပိုရတယ်။ အဲဒီတော့ ဝတ်စုံလေးတွေကို သေသေချာချာ လုပ်လိုက်နိုင်တယ်။ အဲဒါလေးတစ်ခုလည်း အချိန်ကောင်းကောင်းရတယ်။ အခု ဒီအင်ဒိုကတော့ အချိန်ကလုံးဝ ငါးမိနစ်ပဲရတယ်။ အချိန်အားဖြင့်တော့ ခုနကလောက်ကြီး မရလိုက်ဘူး။ အဲဒါလေးတွေတော့ အတွေ့အကြုံလေးတွေ တော်တော်လေးရလိုက်တယ်။

Mizzima TV ပရိတ်သတ်များခင်ဗျာ အခုဆိုရင်တော့ ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) နဲ့တွေ့ဆုံပြီးတော့ Fashion လောက,က အကြောင်းတွေ ပြီးတဲ့အခါ အင်ဒိုနီးရှားနိုင်ငံမှာ သွားရောက်ပြသခဲ့တဲ့ အကြောင်းတွေကို ပထမပိုင်းအနေနဲ့ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly