ဂျပန်စစ်သား ခင်ပွန်းသည်အပေါ် ခုထက်ထိ အချစ်တွေမပြယ်နိုင်သေးတဲ့ ဗီယက်နမ် အဘွားအို

ဂျပန်စစ်သား ခင်ပွန်းသည်အပေါ် ခုထက်ထိ အချစ်တွေမပြယ်နိုင်သေးတဲ့ ဗီယက်နမ် အဘွားအို

ဖေဖော်ဝါရီ ၂၄ ။                ။ ဒုတိယကမ္ဘာစစ်အတွင်း ဗီယက်နမ်ကို ဂျပန်တို့ သိမ်းပိုက်ထားစဉ် ကာလတုန်းက ဗီယက်နမ်သူတစ်ဦးဖြစ်တဲ့ ငုရင် သီရွှမ် နဲ့ ဂျပန်စစ်တပ်က တပ်သား ရှီမိဇုတို့   တွေ့ဆုံချစ်ကြိုက် ပေါင်းသင်းခဲ့ကြပါတယ်။ ယခုဆိုရင် ခင်ပွန်းသည် ဂျပန်တပ်သား ရှီမိဇု ဗီယက်နမ်ကနေ ထွက်ခွာသွားခဲ့တာ ဆယ်စုနှစ် ခြောက်စုစာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်မှာ အသက် ၉၄ နှစ် အရွယ်အဘွားအိုဖြစ်နေပြီဖြစ်တဲ့ ငုရင် သီရွှမ် တစ်ယောက်ကတော့ ခင်ပွန်းသည်အပေါ်  ယနေ့ထက်ထိ လွမ်းဆွတ် သတိရနေဆဲ ဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦး ပေါင်းသင်းခဲ့စဉ်က သားသမီး လေးဦးအထိ ထွန်းကားခဲ့ပြီး ငုရင် သီရွှမ် လေးယောက်မြောက် ကိုယ်ဝန်ကိုလွယ်ထားခဲ့ရစဉ် ၁၉၅၄ ခုနှစ်မှာ ယောကျ်ားဖြစ်သူ ရှီမိဇု ဗီယက်နမ်ကနေ ဂျပန်ကို ပြန်သွားခဲ့ရတာဖြစ်ပါတယ်။

" သူ ထွက်သွားတော့ အဘွားတို့ အရမ်းခံစားခဲ့ရတယ်၊ အဲဒီတုန်းက အချိန်ကာလတွေကို ဘယ်လိုမျိုး ဖြတ်ကျော်ရမလဲဆိုတာတောင် မသိခဲ့ပါဘူး၊ အဲဒီ အတိတ်အကြောင်း ပြန်တောင် မတွေးရဲလောက်အောင်ပါပဲ" လို့ အဘွားအို ငုရင် သီရွှမ်က ပြောပါတယ်။

အဘွားအို ငုရင် သီရွှမ် နဲ့ ခင်ပွန်းသည် ဂျပန်တပ်သားတို့ဟာ လွန်ခဲ့တဲ့ ၁၉၄၃ ခုနှစ်လောက်မှာ စတွေ့ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း သူတို့လက်ထပ်ပွဲ ကို အကျဉ်းရုံးလုပ်ခဲ့ပြီး ဧည့်သည်တွေကိုလည်း ဘီစကွတ်၊ ချိုချဉ် တွေလောက်ပဲ တည်ခင်းဧည့်ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ စစ်ရှုံးတော့ ဂျပန်စစ်သား ၇၀၀ လောက်ပဲ ဗီယက်နမ်မှာ ဆက်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၉၅၄ ခုနှစ် ပြင်သစ်တို့ စစ်ရှုံးတော့ ၎င်းဂျပန်တပ်သားတွေကို မိခင်နိုင်ငံက ပြန်ခေါ်ရာမှာတော့ အဘွားအိုရဲ့ ခင်ပွန်း ရှီမိဇုလည်းပါသွားခဲ့တာဖြစ်ပါတယ်။ ဂျပန်အာဏာပိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ တပ်သားတွေကိုပဲ ပြန်ခေါ်တာဖြစ်ပြီး တစ်ခြား ပတ်သက်ရာ ပတ်သက်ကြောင်း ဇနီး သားသမီးတွေကို လက်မခံခဲ့ကြပါဘူး။

အဘွားအိုဟာ ခင်ပွန်းသည်အပေါ် ယခုထက်ထိ အချစ်မပြယ်နိုင်သေးဘူး ဖြစ်ပါတယ်။ ၎င်းဟာ ခင်ပွန်းဖြစ်သူရဲ့ စစ်ယူနီဖောင်းနဲ့ ချုပ်ထားတဲ့ ဖက်ခေါင်းအုံးတစ်လုံးကို ကိုယ်တိုင်ချုပ်လုပ်ထားပြီး ယင်းဖက်ခေါင်းအုံးကို ခင်ပွန်းသည်အဖြစ် သဘောထားပြီး ညတိုင်း ဘေးမှာထားပြီး အိပ်စက်နေတယ်လို့ သိရပါတယ်။ " ခုလို ဒီဖက်ခေါင်းအုံးနဲ့အတူ အိပ်တော့ အဘွားဘေးမှာ အချိန်တိုင်း သူရှိနေသလို ခံစားရပါတယ်" လို့လည်း ပြောသွားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းကတော့ အဘွားအို ရွှမ် နဲ့ သူမရဲ့ ယောကျ်ား ဖြစ်သူတို့ ပြန်လည်ဆုံစည်းတွေ့ဆုံထားခဲ့တဲ့ ဓါတ်ပုံတစ်ပုံကိုလည်း ပြသပေးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဟာ တကယ့်ကို စိတ်ရင်းကောင်းပြီး အေးဆေးတဲ့သူ ဖြစ်ကြောင်း အဘွားအို က ပြောပါတယ်။ ၎င်းတို့နှစ်ဦး ၁၉၅၄ ခုနှစ်က ကွဲကွာပြီးနောက် ပြီးခဲ့တဲ့ ၂၀၀၆ မှာ ခေတ္တခဏ ပြန်လည်   တွေ့ဆုံခဲ့ကြပါသေးတယ်။

ယင်းတွေ့ဆုံချိန်မှာတော့ အဘွားအိုရဲ့ ခင်ပွန်းသည် ရှီမိဇုဟာ နောက်အိမ်ထောင်နဲ့ ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဘွားအိုကတော့ နောက်အိပ်ထောင်မရှိဘဲ သူနာပြုအလုပ်နဲ့ပဲ ကလေးတွေကို   မြေတောင်မြှောက်ပေးခဲ့ပါတယ်။

ခုလို ဂျပန်စစ်သားနဲ့ အိမ်ထောင်ကျတဲ့ အဘွားအို ငုရင် သီရွှမ်တို့ မိသားစုကတော့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ခဲ့ကြရပါတယ်။ " ကျွန်တော့်တို့မိသားစု ခွဲခြားဆက်ဆံခံခဲ့ရတယ်၊ ဂျပန်ဖက်စစ်ရဲ့ မျိုးဆက်တွေဆိုပြီး ကျွန်တော်တို့ကိုအနိုင်ကျင့်ခဲ့ကြပါတယ်၊ ဒီလိုနဲ့ရုန်းကန်ဖြတ်သန်းလာရတာပါပဲ" လို့ အဘွားအိုရဲ့ အငယ်ဆုံးသား အသက် ၆၂ နှစ်ရှိ ဘင်က ပြောပြသွားပါတယ်။

အဘွားအို ငုရင်သီရွှမ်လိုပဲ စစ်အတွင်းက ဂျပန် စစ်သားတွေနဲ့ ချစ်ကြိုက်မိတဲ့ ဗီယက်နမ် အမျိုးသမီး များစွာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဗီယက်နမ်သူတွေအနေနဲ့ ဆယ်စုနှစ်တစ်စုအကြာမှာပဲ သူတို့တွေရဲ့ ခင်ပွန်းသည် ဂျပန်တပ်သားတွေရဲ့ စွန့်ပစ်မှုနဲ့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags