ဆင်ဆာကြောင့် မြန်မာဇာတ်ကားများ အရည်အသွေးနိမ့်ကျနေရသည်ဟု ပြော

ဆင်ဆာကြောင့် မြန်မာဇာတ်ကားများ အရည်အသွေးနိမ့်ကျနေရသည်ဟု ပြော

မြန်မာဇာတ်ကားများရိုက်ကူးရာတွင် ဆင်ဆာဖြတ်တောက်မှုကြောင့် အနုပညာဖန်တီးမှုများတွင် အဆင်မပြေမှု ဖြစ်ရပြီး အရည်အသွေးနိမ့်ကျနေရသည်ဟု “မြန်မာပေါကားများရပ်” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်နေသည့် ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောသည်။

မြန်မာ့ရုပ်ရှင်လောကအတွက် ဆင်ဆာသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ပြောခဲ့ပြီး “ဆင်ဆာက ဇာတ်လမ်းပေါင်းစုံကို ဖျက်စီးစေတယ်၊ ပျက်စီးစေတယ်။ ဥပမာဆိုပါစို့ အချိတ်အဆက်ပေါ့ဗျာ Scene နံပါတ် (၅)ကို ဖျက်လိုက်ပြီဆိုရင် Scene နံပါတ် (၄) နဲ့ (၆) က အချိတ်အဆက် ပျက်သွားတာပေါ့။ အလယ်က (၅) ပျောက်သွားတော့ ဇာတ်လမ်းကအချိတ်အဆက်မမိဘဲ ပျက်သွားတာပေါ့” ဟု ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောသည်။

မြန်မာဇာတ်လမ်းများနှင့် ပတ်သက်၍ “မြန်မာပေါကားများရပ်”ဆိုသည့် Event တစ်ခုပြုလုပ်ခဲ့ပြီးနောက် ဇာတ်လမ်းများအပေါ် ပရိသတ်က ဝေဖန်ခဲ့ကြသည်။

ယခု အဆိုပါနာမည်ဖြင့် ဒါရိုက်တာမိုက်တီးက ရုပ်ရှင်ကားရိုက်ခဲ့ပြီး ယင်းဇာတ်ကားတွင် မြန်မာ့ရုပ်ရှင်လောက၏ အတွင်းရေးနှင့် အခက်အခဲများကို ပရိသတ်သိအောင် ဟာသဖြင့် သရော်ပြီး ဇာတ်အိမ်ဖွဲ့တင်ပြထားသည်ဟု ဆိုသည်။

“မြန်မာပေါကားများရပ်” ရုပ်ရှင်ဇာတ်ကားကြီးသည် အွန်လိုင်းပေါ်က  မြန်မာပေါကားများရပ်ဆိုပြီး ဝေဖန်နေသည့်လှုပ်ရှားမှုများ၏ သက်ရောက်မှုတစ်ခုဖြစ်သည်ဟု ဟာသသရုပ်ဆောင် ကျော်ထူးက ပြောဆိုလိုက်သည်။

ထို့ပြင် ဆင်ဆာတွေသည်လည်း အကြောင်းတစ်ချက်အပါအဝင်ဖြစ်သည် ဟု ဟာသသရုပ်ဆောင် ကျော်ထူးကပြောသည်။

“ဥပမာ ဇာတ်ဝင်ခန်းအရ မြို့လည်ခေါင်မှာ ဝိုင်းဖမ်းကြမယ်။ ထိုးကြမယ် ကြိတ်ကြမယ်။ ဒါပေမယ့် ဆင်ဆာက ခွင့်မပြုဘူး။ သူတို့တွေမှာ စည်းကမ်းဥပဒေတွေက အများကြီးရှိတယ်။ လက်သီးသုံးချက်ထက် ပိုမထိုးရတာတို့၊ မင်းမဲ့စရိုက်ဆန်တာတို့ ထိန်းချုပ်ထားတော့ လွတ်လပ်မှုလည်းမရှိဘူး။ ဘောင်ထဲက ရိုက်နေရတာ မြန်မာကားတွေက” ဟု ဟာသသရုပ်ဆောင် ကျော်ထူးကပြောသည်။

“မြန်မာပေါကားများရပ်”ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို ဂေါက်ကြီးက ရေးသားထားပြီး အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်၊ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly