ဖေဖော်ဝါရီ ၂၃ ။ ။ မွမ်ဘိုင်းမြို့ ကမ်းရိုးတန်းအပြင်ဘက်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်တု တည်ဆောက်မယ့် အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မူလနေထိုင်သူ ဒေသခံတွေ သဘောမတွေ့ဘဲ ဖြစ်နေကြရပါတယ်။
ယင်းဒေသမှာ ရှေးယခင်ကာလအကြာကတည်းက နေထိုင်လာခဲ့တဲ့ Koli မျိုးနွယ်စုအသိုင်းအဝိုင်းကတော့ ယခု တည်ဆောက်မှုစီမံကိန်းကြောင့် ၎င်းတို့တွေရဲ့ နေ့စဉ်လူနေမှုဘဝတွေအပေါ် ထိခိုက်စေလာနိုင်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ယင်း ဒေသခံအစုအဖွဲ့ဟာ ငါးဖမ်းခြင်းကိုသာ အသက်မွေးဝမ်းကြောင်းအဖြစ် မှီခိုအားထားနေရသူတွေဖြစ်ပါတယ်။ ခုလိုမျိုး မွမ်ဘိုင်းကမ်းရိုးတန်းပြင်ပမှာ ရုပ်တုဆောက်မယ့်စီမံကိန်းကြောင့် ၎င်းတို့ရဲ့ နေ့စဉ်ဘဝတွေအပေါ် လာပြီးထိခိုက်သွားမှာကို ပူပန်နေကြပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ယခင် ၁၇ ရာစုခေတ် ဟိန္ဒူ စစ်ဘုရင် Chhatrapati Shivaji ရုပ်တုကို ထုလုပ်တည်ထားဖို့အတွက် ရူပီး ၃၆ ဘီလီယံ (ဒေါ်လာ ၅၃၀ သန်း) သုံးစွဲသွားမှာဖြစ်ပါတယ်။ ယင်း ရုပ်တုဖောင်ဒေးရှင်းကိုလည်း ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အုတ်မြစ်ချပေးခဲ့ပါတယ်။
မီတာ ၁၉၀ ရှိမယ့် ယင်း ရုပ်တု ဟာ အမေရိကရဲ့ လေဘာတီ ရုပ်တုထက် နှစ်ဆပိုမြင့်မှာ ဖြစ်သလို လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ဖြစ်နေတဲ့ တရုတ်နိုင်ငံက ဗုဒ္ဓရုပ်တုတော်ထက်လည်း မီတာ ၄၀ နီးပါး ပိုမြင့်လာမယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ငါးဖမ်းခြင်းကိုသာ အဓိက အားထားနေကြရတဲ့ Koli ဒေသခံအစုအဖွဲ့ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်နေကြပါတယ်။ " ဒီရုပ်တု ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငါးသယံဇာတတွေ ပြုန်းတီးသွားတော့မှာပါပဲ" လို့ ဒေသခံ ငါးဖမ်းသမားတစ်ဦး ဖြစ်တဲ့ Krishna Tandel က ပြောသွားပါတယ်။