၉၃ ဝေါထရိတ်စင်တာ ဗုံးခွဲမှုနဲ့ ပတ်သက်သော မျက်မမြင်မွတ်စလင်ဘာသာရေးခေါင်းဆောင် အီဂျစ်၌ သင်္ဂြိုဟ်ရာ တက်ရောက်သူ ထောင်ချီရှိ

၉၃ ဝေါထရိတ်စင်တာ ဗုံးခွဲမှုနဲ့ ပတ်သက်သော မျက်မမြင်မွတ်စလင်ဘာသာရေးခေါင်းဆောင် အီဂျစ်၌ သင်္ဂြိုဟ်ရာ တက်ရောက်သူ ထောင်ချီရှိ

ကိုင်ရို၊ ဖေဖော်ဝါရီ  ၂၃ ။               ။  အမေရိကန်နိုင်ငံ အကျဉ်းထောင်တစ်ခုအတွင်းမှာ သေဆုံးခဲ့တဲ့ ၁၉၉၃ ခုနှစ် ဝေါထရိတ်စင်တာဗုံးခွဲမှုနဲ့ ပတ်သက်ဆက်နွယ်သူ မျက်မမြင်မွတ်စလင် ဘာသာရေး   ခေါင်းဆောင် အိုမာအက်ဘဒယ်ရာမန်ကို အီဂျစ်က ကိုင်ရိုမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က သြင်္ဂိုဟ်ရာ လူထောင်ပေါင်းများစွာ စုရုံးတက်ရောက်ခဲ့ပါတယ်။

အီဂျစ်မှာ မွေးဖွားတဲ့ ရာမန်ဟာ အစွန်းရောက်အကြမ်းဖက် ပြစ်မှုတွေနဲ့ အမေရိကန်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရတာဖြစ်ပြီး မြောက်ကယ်ရိုလိုင်းနားက ဗဟိုကျန်းမာရေးစင်တာတစ်ခုမှာ သာမန်ရောဂါနဲ့ အသက် ၇၈ နှစ်မှာ သေဆုံးတာပါ။

ရာမန်ရဲ့ မွေးရပ်မြေ အီဂါမယ်လီယာမြို့က အသုဘအခမ်းအနားကို တက်ရောက်သူပေါင်းက နှစ်ထောင်ကျော်ထက်မနည်း ရှိတယ်လို့ အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

အသုဘလာရောက်သူတွေနဲ့ ဗလီက ပြည့်လျှံသွားတာကြောင့် တစ်ချို့က အပြင်ကနေ ရာမန်ကို ဝတ်ပြုရတယ်လို့ ဆိုပါတယ်။

ရာမန်ဟာ ကုလသမဂ္ဂအပါအဝင် နယူးယောက်က အထင်ကရနေရာတွေကို ဗုံးခွဲရန်နဲ့ အီဂျစ်သမ္မတဟောင်း မူဘာရတ်ကို လုပ်ကြံရန် ကြံစည်မှုတွေနဲ့ ၁၉၉၅ ခုနှစ်မှာ အဖမ်းခံခဲ့ရသူဖြစ်ပေမယ့် ဂျီဟတ်ဝါဒီဘာသာရေးခေါင်းဆောင်အဖြစ် ရှိနေဟန်ရပါတယ်။

စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဂမ်မားအစ္စလာမ်မီယာအဖွဲ့ကို အာဖရိကမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်တော့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်လာခဲ့တာပါ။

ရာမန်ဟာ အစ္စလာမ်တရားများ ဟောပြောပြီး ၁၉၉၃ ခုနှစ် နယူးယောက်က ဝေါထရိတ်စင်တာ ဗုံးခွဲမှုဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုဖောက်ခွဲမှုမှာ လူခြောက်ဦး သေဆုံးပြီး တစ်ထောင်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

“သူ့ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဘူးပေမယ့် ကျွနု်ပ်တို့ဟာ သူ့ရဲ့ သားတပည့်တွေပဲဖြစ်တယ်။”လို့ အသုဘမှာ မွတ်စလင်ဝတ်ရုံများ ခြုံထားတဲ့ အမျိုးသမီးတစ်စု ကိုင်ဆောင်ထားတဲ့ စာတမ်းမှာ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly