မြေထဲပင်လယ်တွင် ရေနစ်သေဆုံးခဲ့သည့် ရွှေ့ပြောင်းသွားလာသူ အလောင်း ရ၄ လောင်း လစ်ဗျားကမ်းခြေသို့ လာတင်နေ

မြေထဲပင်လယ်တွင် ရေနစ်သေဆုံးခဲ့သည့် ရွှေ့ပြောင်းသွားလာသူ အလောင်း ရ၄ လောင်း လစ်ဗျားကမ်းခြေသို့ လာတင်နေ

ဖေဖော်ဝါရီ ၂၂ ။       ။ ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းရင်း မြေထဲပင်လယ်ထဲတွင် ရေနစ်သေဆုံးခဲ့သည့် ရွှေ့ပြောင်းသွားလာသူ ရုပ်အလောင်း ၇၄ လောင်း လစ်ဗျားကမ်းခြေသို့ လာတင်နေခဲ့သည်ဟု အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် Red Crescent က ပြောသည်။

ထရီပိုလီမြို့မှ မိုင် ၃၀ အကွာ ဇာဝီယာမြို့ပြင် ဟာချာကျေးရွာနေဒေသခံများက ကမ်းခြေတွင် ရေယာဉ်ပျက်တစ်စင်း တွေ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း Red Crescent က ပြောသည်။

ယင်း ရေယာဉ်ပျက်အတွင်း ရုပ်အလောင်းများ တွေ့ရသကဲ့သို့ ယင်းအနီးအနား ကမ်းခြေတစ်လျှောက်တွင်လည်းအလောင်းများ ထပ်မံတွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ ယခုအခါ ပင်လယ်ထဲတွင်လည်း   သေဆုံးသူများ ရှိနေဦးမည်ဟု တာဝန်ရှိသူများက ယုံကြည်နေကြသည်။

ယခုတွေ့ရှိရသော ရွှေ့ပြောင်းသွားလာသူများမှာ မည်သည့်နေရာက ထွက်ခွာလာသည်ဆိုသည်ကို တိတိကျကျ မသိရသေးပေ။

"  ဒီအလောင်းတွေကို ဘယ်လို သယ်ရမလဲတောင် မသိတော့ပါဘူး၊ ဘယ်သူဘယ်ဝါတွေမှန်းလည်း မသိရတဲ့သူတွေကို သချိုင်းကို ဘယ်လိုသယ်ရမလဲ မသိသေးပါဘူး" ဟု Red Crescent က ပြောသည်။

" ခုတိုင်းဆိုရင် ပင်လယ်ထဲမှာလည်း အလောင်းတွေ ရှိနေဦးမှာပါ၊ ရေထဲမှာ ဆက်မျောနေပါလိမ့်မယ်" ဟုလည်း ဆိုသည်။

ရွှေ့ပြောင်းများလိုက်ပါလာသော အဆိုပါ ရေယာဉ်မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က နစ်မြုပ်သွားသည်ဟု ယုံကြည်ရကြောင်းနှင့် ရေယာဉ်ပေါ်တွင် စုစုပေါင်းရွှေ့ပြောင်း အယောက် ၁၀၀ ကျော် လိုက်ပါ လာခဲ့ပြီး သေဆုံးသွားခဲ့ဖွယ်ရှိကြောင်း ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ပြောသည်။

အလားတူ အသက်ရှင်ကျန်ရစ်သူတစ်ဦးကိုလည်း တွေ့ရပြီး ၎င်းမှာ ကိုမာဝင်နေသဖြင့် ဆေးရုံသို့ ပို့ထားရကြောင်းလည် သိရသည်။

ပြီးခဲ့သည့် စနေနေ့ကလည်း ဇာဝီယာမြို့ ပြင် ပင်လယ်ပြင်တွင် ရွှေ့ပြောင်း ၁၈၇ ဦးကို သွားရောက်ကယ်ဆယ်ခဲ့ရပြီး ယခုအခါ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားခဲ့ရကြောင်းလည်း IOM က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags