အလိုအလျောက် သွားလာနိုင်တဲ့ ပစ္စည်းပို့ စက်ရုပ်ကားတွေကို အက်စတိုးနီးယားမှာ စမ်းသပ်နေ

အလိုအလျောက် သွားလာနိုင်တဲ့ ပစ္စည်းပို့ စက်ရုပ်ကားတွေကို အက်စတိုးနီးယားမှာ စမ်းသပ်နေ

ဖေဖော်ဝါရီ ၂၂ ။         ။ အဖြူအနက် ကာလာ နှစ်ရောင်စပ် ဒူးခေါင်းသာသာ အမြင့်ရှိတဲ့ စက်ရုပ်ကားတွေကို အက်စတိုးနီးယားနိုင်ငံ မြို့တော် Tallinn မှာ စတင် စမ်းသပ်မောင်းနှင်မှုတွေ   ပြုလုပ်နေပါတယ်။ မြို့ထဲက နှင်းဖုံးနေတဲ့ ကျောက်ခင်းလမ်းထက်မှာတော့ ယင်းစက်ရုပ်ကားဟာ ပစ္စည်းပို့ဖို့ သွားရင်းနဲ့ လမ်းသွားလမ်းလာတွေကို သတိထား ရှောင်သွားတတ်သလို အဓိကလမ်းဆုံး လမ်းထောင့်တွေ ရောက်တဲ့အခါမှာလည်း မီးပွိုင့်မီးနီနေတာတွေ့ရင် ရုတ်တရက် အလိုအလျောက် ရပ်သွားမှာ ဖြစ်ပါတယ်။

ဘီးခြောက်ဘီးတပ် ယင်း စက်ရုပ်ကားငယ်လေးတွေရဲ့ အဓိကတာဝန်ကတော့ ဆိုင်တွေကနေ အစားအသောက်တွေကို အွန်လိုင်းကနေတဆင့် မှာယူတဲ့သူတွေဆီ အိမ်တိုင်ရာရောက် အရောက်သွားပို့ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီလို အစားအသောက်တွေကို သွားရောက်ပို့ဆောင်တဲ့နေရာမှာ မီးပွိုင့်တွေရောက်ရင် မီးစိမ်းတဲ့အချိန်ကျမှ ဖြတ်ရမယ်ဆိုတာကိုလည်း ယင်းစက်ရုပ်ကို အလိုအလျောက် သင်ကြားဖန်တီးထားပေးပါတယ်။

ဒါပေမယ့် ယင်း စက်ရုပ်ကို တီထွင်ခဲ့တဲ့ Starship Technologies ကုမ္ပဏီကတော့ ယင်းတို့ကို လမ်းဆုံတွေအရောက်မှာ မှန်မှန်ကန်ကန် သွားနိုင်အောင် အကူအညီဖြစ်စေဖို့ စပိကာတွေ၊ မိုက်ခရိုဖုန်းတွေပါ ထည့်သွင်းပေးထားပါတယ်။ အလားတူ ခလုတ်နှိပ်ရတဲ့ မီးပွိုင့်တွေကိုလည်း ရှောင်သွားဖို့ ယင်းတို့ကို သင်ကြားဖန်တီးပေးထားပါတယ်။

ယင်း Starship စက်ရုပ်တွေဟာ လူတွေနဲ့လည်း အထိုက်အလျောက် ဆက်သွယ်ပြောဆိုနိုင်ဦးမယ်လို့ သိရပါတယ်။

" ယေဘုယျအားဖြင့် သုံးနိုင်တဲ့ စကားအသုံးအနှုန်းတွေကို သူတို့ဆီမှာ ထည့်ပေးထားပါတယ်၊ ဥပမာအနေနဲ့ ဟယ်လို ဆိုတာမျိုး ပေါ့" ဟု Starship ရဲ့ စမ်းသပ်မှု အစီအစဉ် အကြီးအကဲ အသက် ၂၆ နှစ်အရွယ် Mikk Martmaa က ပြောပါတယ်။

ယင်းစက်ရုပ်ကို ဖန်တီးသူတွေအနေနဲ့ ပထမဆုံးပုံစံတူတစ်ခုကိုတော့ အင်္ဂါဂြိုဟ်နဲ့ လကမ္ဘာတို့ဆီက ကျောက်တုန်းနမူနာတွေ သွားယူရမယ့် စက်ရုပ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ရည်ရွယ်ဖန်းတီးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အခုလို အစားအသောက်တွေသာ ပို့ဖို့အတွက် ယင်းတို့ကို ဖန်တီးစမ်းသပ်နေခဲ့တာဖြစ်ပါတယ်။

ယင်း အိုင်ဒီယာကို ဖော်ဆောင်ဖို့အတွက် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ အက်စတိုးနီးယား နိုင်ငံသား Ahti Heinla နဲ့ ဒိန်းမတ်နိုင်ငံသား Janus Friis တို့က ၂၀၁၄ ခုနှစ်မှာ လန်ဒန်မှာ Starship Technologies ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ယခုဆိုရင် ယင်းတို့ကို အက်စတိုးနီးယားမှာ စတင်စမ်းသပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အစားအသောက်တွေကို ဆိုင်တွေဆီ ကိုယ်တိုင်သွားမဝယ်ချင်ဘဲ အိမ်ကနေ လှမ်းမှာချင်သူတွေအနေနဲ့ ယင်းစက်ရုပ်နဲ့ လှမ်းပို့ခိုင်းလို့ရမယ့် အက်ပလီကေးရှင်းတစ်ခုကို သုံးပြီး မှာယူရမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ယင်းအက်ပလီကေးရှင်းကနေတဆင့် အစားအသောက် လှမ်းမှာလိုက်တဲ့အခါမှာတော့ မိနစ် ၂၀ လောက်မှာပဲ ယင်းစက်ရုပ်က အိမ်တိုင်ရာရောက်လာပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ကားအနေနဲ့ အိမ်ရှေ့ရောက်လာတဲ့အခါ တံခါးဘဲလ်ကို နှိပ်ဖို့ သူ့မှာ လက်တံတွေ ပါမလာပေမယ့် မှာယူသူရဲ့ ဖုန်းဆီကိုတော့ မက်ဆေ့ချ်တစ်စောင် လှမ်းပို့ အသိပေးနိုင်မှာဖြစ်ပါတယ်။ " မှာထားတဲ့ ဟာ ရောက်ပါပြီ၊ လာယူပါ" ဆိုပြီး မှာယူသူရဲ့ ဖုန်းဆီ မက်ဆေ့ချ် ဝင်လာမှာဖြစ်ပါတယ်။

ယခု စမ်းသပ်နေတဲ့ ယင်းပစ္စည်းပို့စက်ရုပ်တွေရဲ့ အမြင့်ဆုံး သွားလာနိုင်တဲ့ အမြန်နှုန်းဟာ တစ်နာရီ လေးမိုင် နှုန်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ Amazon နဲ့ အခြားကုမ္ပဏီကြီးတွေ စမ်းသပ်နေတဲ့ ပစ္စည်းပို့ဒရုန်းတွေလောက်တော့ ဈေးသိပ်မကြီးနိုင်ဘူးလို့ သိရပါတယ်။

ယခုအခါ ယင်းတို့ကို ဖန်တီးထားတဲ့ Starship ကုမ္ပဏီဟာ အက်စတိုးနီးယား မြို့တော် Tallinn က စားသောက်ဆိုင် ၁၂၀ ကျော်အတွက် အစားအသောက်ပို့လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ယခုလိုမျိုး ပါဆယ်တွေ၊ စားသောက်ကုန်တွေကို စက်ရုပ်တွေနဲ့ ပို့ဆောင်ပေးတဲ့ စမ်းသပ်မှုတွေကို အမေရိကန်နိုင်ငံက မြို့တစ်ချို့မှာလည်း စမ်းသပ်မှုတွေလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly