မန်ယူမှ ထွက်ခွာရန် ရွန်နီဆုံးဖြတ်လိုက်ပြီဟု သတင်းများထွက်ပေါ်

မန်ယူမှ ထွက်ခွာရန် ရွန်နီဆုံးဖြတ်လိုက်ပြီဟု သတင်းများထွက်ပေါ်

ဖေဖော်ဝါရီ ၂၂၊ အင်္ဂလန် ။               ။ အင်္ဂလန်အသင်းခေါင်းဆောင် ဝိန်းရွန်နီသည် မန်ယူအသင်းကို စွန့်ခွာရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရွန်နီသည် နည်းပြမော်ရင်ဟို၏လက်အောက်တွင် ပွဲထွက်ကစားခွင့်ဆုံးရှုံးနေရပြီး သူ၏အခန်းကဏ္ဍမှာလည်း လျော့နည်းလာသည့်အတွက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရွန်နီနှင့်နီးစပ်သည့် သတင်းအရင်အမြစ်တစ်ခုက ဆိုသည်။

‘ဘာတွေဖြစ်နေတယ်ဆိုတာ ရွန်နီမြင်နိုင်ပါတယ်။ သူအနေနဲ့ပွဲထွက်ကစားခွင့်လည်းမရတော့ပါဘူး။ မန်ယူအသင်းအတွက် အများကြီးသူလုပ်ပေးနိုင်သေးတယ်လို့ ရွန်နီက ယုံကြည်နေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ သူဆက်မသွားလိုတော့ပါဘူး’ ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

မန်ယူအသင်း၏သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးစံချိန်ရှင်ရွန်နီကို တစ်နှစ်လစာငွေ ပေါင် ၃၅ သန်းဖြင့် တရုတ်စူပါလိဂ်တွင်လာရောက်ကစားရန် ကမ်းလှမ်းမှုရှိနေသေးသည်။ တရုတ်စူပါလိဂ်၏ အပြောင်းအရွှေ့ကာလမှာ နောက်တစ်ပတ်တွင် ပြီးဆုံးတော့မည်ဖြစ်သည်။

နည်းပြမော်ရင်ဟိုကလည်း အသင်းတွင် ရွန်နီ ဆက်ရှိမည်၊ မရှိမည်ကို အာမခံချက်မပေးနိုင်ကြောင်းနှင့် ၎င်းအသေအချာပြောနိုင် သည်မှာ တစ်နေ့တွင် မန်ယူကို ရွန်နီစွန့်ခွာသွားလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

ရွန်နီကို မေဂျာလိဂ်ကလပ်များကလည်း ကမ်းလှမ်းမှုများ ရှိနေပြီး အသင်းဟောင်း အဲဗာတန်မှလည်း ပြန်လည်ခေါ်ယူလိုနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly