ပါကစ္စတန် တရားရုံးတစ်ခုသို့ အသေခံဖောက်ခွဲရေးသမားသုံးဦး ၀င်ရောက်တိုက်ခိုက်၍ ခုနှစ်ဦး သေဆုံး

ပါကစ္စတန် တရားရုံးတစ်ခုသို့ အသေခံဖောက်ခွဲရေးသမားသုံးဦး ၀င်ရောက်တိုက်ခိုက်၍ ခုနှစ်ဦး သေဆုံး

ဖေဖော်ဝါရီ ။               ။ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ တရားရုံး အဆောက်အအုံတစ်ခုသို့ ဖေဖော်ဝါရီ ၂၁ ရက်က တာလီဘန် အသေခံ ဖောက်ခွဲရေးသမား သုံးဦး ဝင်ရောက်တိုက်ခိုက်ခဲ့၍ အနည်းဆုံး ခုနှစ်ဦးသေဆုံးသွားခဲ့သည်။ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုလည်း သိရသည်။

နိုင်ငံတွင် စစ်သွေးကြွများ ပြန်စုမိနေပြီဆိုသည့် စိုးရိမ်သံများ ကျယ်လောင်လာနေချိန် ယခု ဖြစ်စဉ်နှင့် ထပ်မံ ရင်ဆိုင်လိုက်ရခြင်းလည်း ဖြစ်သည်။

အသေခံတိုက်ခိုက်သူ သုံးဦးမှာ လက်ပစ်ဗုံးများ နှင့် အေကေ ၄၇ ရိုင်ဖယ်များ ကိုင်ဆောင်ထားခဲ့ကြောင်း အနောက်မြောက်ဒေသ Charsadda မှ ရဲအရာရှိချုပ် Ijaz Khan က ပြောသည်။

Charsadda ဒေသတွင် ဖြစ်ခဲ့သည့် ယင်းဖြစ်စဉ်တွင် တိုက်ခိုက်သူတစ်ဦး လွတ်မြောက်သွားခဲ့ကြောင်း အစောပိုင်းက သတင်းများ ထွက်လာခဲ့သော်လည်း ၎င်းအား တိုက်ခိုက်မှုဖြစ်ပြီး မိနစ်နှစ်ဆယ်အကြာတွင် ရဲက ပစ်သတ်လိုက်နိုင်သည်ဟု သိရသည်။

အလားတူ ဒုတိယ အသေခံဖောက်ခွဲသူတစ်ဦးကိုလည်း လုံခြုံရေးများက ပစ်သတ်လိုက်နိုင်သည်ဟု သိရပြီး သုံးဦးမြောက် တိုက်ခိုက်သူမှာမူ ယင်းအဆောက်အအုံ ဂိတ်ပေါက်တစ်ခု အပြင်ဘက်တွင် ၎င်းကိုယ်ကိုယ် ဖောက်ခွဲသွားရင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယခုတိုက်ခိုက်မှုကို မိမိတို့လုပ်ဆောင်ကြောင်း ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲတစ်ခုဖြစ်သည့် Jammat-ul-Ahrar က ထုတ်ဖော်ပြောဆိုသွားသည်။

ယင်းတိုက်ခိုက်မှုဖြစ်ချိန်တွင် တရားရုံးအဆောက်အအုံဝင်းအတွင်း လူမည်မျှ ရှိနေခဲ့သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အပတ်စဉ်တိုင်းလိုလို ယင်းရုံးတွင် ရှေ့နေများ၊ တရားသူကြီးများ၊ အရပ်သားများ စုစုပေါင်း ရာကျော်ခန့် စုဝေးနေလေ့ ရှိသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags