နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော စာရင်းသွင်းစနစ် အပါအဝင် မြန်မာနိုင်ငံရှိ ပြတိုက်များ ဖွံ့ဖြိုးရေးအတွက် သင်တန်းပေးနေ

နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော စာရင်းသွင်းစနစ် အပါအဝင် မြန်မာနိုင်ငံရှိ ပြတိုက်များ ဖွံ့ဖြိုးရေးအတွက် သင်တန်းပေးနေ

ဖေဖော်ဝါရီလ ၂၁ ။             ။  မြန်မာနိုင်ငံရှိ ပြတိုက်များတွင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော စာရင်းသွင်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် သင်ကြားပို့ချသွားမည်ဖြစ်သည် ဟု အမျိုးသားပြတိုက်(ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောသည်။

 မြန်မာတစ်နိုင်ငံလုံးရှိ ပြတိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဗြိတိသျှကောင်စီနှင့် ပူးပေါင်းကာ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်အထိ  အမျိုးသားပြတိုက် (ရန်ကုန်) တွင် သင်တန်းပေးနေခြင်း ဖြစ်သည်။

 “မြန်မာနိုင်ငံမှာရှိတဲ့ ပြတိုက်တွေမှာ လိုအပ်နေတဲ့ စုဆောင်းပစ္စည်းတွေကို စီမံခန့်ခွဲအောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်စောင့်ရှောက်ရာမှ ဒီဟာက အဓိကပါဝင်တယ်။ အဲဒါကြောင့် အရင်သုံးနေတဲ့ အတိုင်းမဟုတ်ဘဲ စနစ်သစ်နဲ့ အသုံးပြုဖို့ ခုလိုသင်တန်းပေးတာပါ” ဟု အမျိုးသားပြတိုက်(ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောသည်။

 ပြတိုက်များတွင် စုဆောင်းပစ္စည်းများနှင့် စုဆောင်းပစ္စည်းများ၏ သတင်းအချက်အလက်များကို စီမံခန့်ခွဲခြင်းပညာရပ်ကို သင်ကြားပို့ချပေးနေခြင်းဖြစ်ပြီး စာရင်းပြုစုရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် လွယ်ကူအောင် စာရင်းပြုစုခြင်းများ ပါ ပါဝင်သည်။

 ထိုသို့ သင်တန်းပေးရာတွင် စာရင်းပြုစုရာ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် အသုံးပြုနိုင်ရန် သင်ကြားပေး ကြောင်း ဟန်လင်းရှေးဟောင်းသုတေသနပြတိုက်မှ သင်တန်းသူ ဒေါ်ချယ်ရီသင်းက ပြောသည်။

“ကျွန်မတို့အရင်က သုံးတဲ့ပစ္စည်းတွေကတော့ စာရင်းပြုစုရာ အခက်အခဲရှိတာပေါ့။ အခု အသစ်ကတော့ Digital နဲ့ စာရင်းပြုစုဖို့အတွက် သင်ကြားပေးတော့ ပိုပြီးထိန်းသိမ်းရတာလည်း လွယ်ကူသွားတယ်။ နောက်ပြီး ရှေးဟောင်းပစ္စည်းတွေကိုလဲ ထိန်းသိမ်းရတာလွယ်ကူသွားတာပေါ့”  ဟု ဒေါ်ချယ်ရီသင်းက ပြောသည်။

ယခင်ကလည်း ပြတိုက်များ သင်တန်းကို ၂၀၁၅ ခုနှစ် မတ်လပိုင်းကလည်း ဗြိတိသျှကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် ပထမအကြိမ်တွင် နေပြည်တော် အမျိုးသားပြတိုက်တွင် ပို့ချခဲ့ကြောင်းသိရသည်။

 ယင်းသင်တန်းကို ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက် ၁၂ ခု တို့မှ သင်တန်းသား၊ သင်တန်းသူ  ၂၂ ဦးတို့ တက်ရောက်သင်ကြားကြပြီး အခြားဝန်ကြီးဌာန ပြတိုက်များမှလည်း တက်ရောက်ခဲ့ကြောင်း သိရကာ စုစုပေါင်း ၅၀ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly