မန္တလေး ကလေးဆေးရုံကြီးတွင် ပထမအကြိမ် ကျောက်ကပ်လဲလှယ် ကုသမှုပြုလုပ်မည်

မန္တလေး ကလေးဆေးရုံကြီးတွင် ပထမအကြိမ် ကျောက်ကပ်လဲလှယ် ကုသမှုပြုလုပ်မည်

မန္တလေး၊ဖေဖော်ဝါရီ ၂၁ ။             ။ မန္တလေးမြို့၊ ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် နှစ်ရှည် ကျောက်ကပ်ဝေဒနာခံစားနေရသည့် ကလေးနှစ်ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျောက်ကပ်အစားထိုးလဲလှယ် ကုသပေးသွားမည်ဟု မန္တလေး ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံကြီးအုပ်ကြီး ဒေါက်တာအောင်ကျော်ဦး က ယနေ့ နံနက် ၉ နာရီက မီဒီယာများနှင့်တွေ့ဆုံ၍ ပြောခဲ့သည်။

ထိုသို့ ကျောက်ကပ်အစားထိုး လဲလှယ်ကုသခြင်းမှာ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ပထမဆုံးအကြိမ် ဖြစ်ပြီး အစားထိုးလဲလှယ်ကုသခြင်းကို ကလေးကျန်းမာရေးဌာန၊ ကလေး ခွဲစိတ်ပညာဌာန၊ မန္တလေး ကျောက်ကပ်အစားထိုးအဖွဲ့နှင့် စင်္ကာပူနိုင်ငံမှ အထူးကုဆရာဝန်များပါဝင်သည့် Organ Transplant Team အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု   ဒေါက်တာ အောင်ကျော်ဦးက ဆိုသည်။

"ပုံမှန် ကျောက်ကပ်သန့်စင်နေရတဲ့ ကလေးတွေ သက်တမ်းတစ်လျှောက်လုံး ကျောက်ကပ် ဆေးနေမယ့်အစား ပိုကောင်းတဲ့ အခြေအနေရောက်အောင် ကျောက်ကပ်လဲလှယ်ပေးရင် ကောင်းမယ်ဆိုပြီး စီစဉ်ခဲ့တာပါ။ ဒါကလည်း မြန်မာနိုင်ငံမှာ ကလေးကျောက်ကပ်လဲလှယ်တာ ပထမဆုံးဖြစ်ပါတယ်"ဟု ဒေါက်တာ အောင်ကျော်ဦးက ပြောသည်။

မန္တလေးဆေးရုံကြီးမှ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းသူက "ကလေးဆိုတော့ လူကြီးနဲ့ သဘာဝနည်းနည်းကွဲတာပေါ့။ လူကြီးကျောက်ကပ်ကို ကလေးခန္ဓာကိုယ်ထဲ ထည့်ရမှာကြောင့် နည်းနည်းတော့ ပြဿနာရှိပေမယ့် ကလေးခွဲစိတ်ဆရာဝန် အားလုံးက တက်တက်ကြွကြွနဲ့ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်လို့ အခက်အခဲ မရှိနိုင်ပါဘူး"ဟု ပြောသည်။

ကုတင် ၃၀၀ ဆံ့ ကလေးဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ် ကုသဆောင်နှင့်Dialysis Unit တွင် တက်ရောက်ဆေးကုသမှုခံယူနေသော ကျောက်ကပ်ကလေးလူနာများအား ကျောက်ကပ်အစားထိုး လဲလှယ်ကုသခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် ၂၀၁၆ ခုနှစ်၊ဇွန်လ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံခဲ့သည်။  ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရည်ညွှန်းစာအမှတ် ကုကာခုံ/ထွေ ၂/၂၀၁၆ (၁၃၆၆)အရ ခွင့်ပြုမိန့်ရရှိခဲ့ ပြီးနောက် ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် လုပ်ငန်းကော်မတီကို ဆေးပညာရှင် ၂၂ ဦးဖြင့် ဖွဲ့စည်းကာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly