နိုင်ငံရှိ ဒေသတစ်ချို့တွင် အငတ်ဘေးကျရောက်နေပြီဖြစ်ကြောင်း တောင်ဆူဒန် ကြေညာ

နိုင်ငံရှိ ဒေသတစ်ချို့တွင် အငတ်ဘေးကျရောက်နေပြီဖြစ်ကြောင်း တောင်ဆူဒန် ကြေညာ

ဖေဖော်ဝါရီ ၂၁ ။                     ။ သုံးနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည့် ပဋိပက္ခစစ်ပွဲများ၏ ဒဏ်ကို ခံစားနေခဲ့ရပြီးနောက် ယခုအခါ နိုင်ငံ၏ ဒေသတစ်ချို့တွင် ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေး ဆိုက်ရောက်နေပြီဖြစ်ကြောင်း တောင်ဆူဒန် အစိုးရက ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ထုတ်သွားခဲ့သည်။

နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော ပြည်သူငါးသန်းနီးပါးမှာ အစားအစာ ရှားပါးပြတ်လပ်မှုနှင့်အတူ ဆာလောင်မွတ်သိပ်မှုဘေးဒုက္ခနှင့် ကြုံတွေ့နေရကြောင်း ထုတ်ပြန်သွားသည်။

နိုင်ငံမြောက်ခြမ်း ဒေသတစ်ချို့တွင် ယခုအခါ အငတ်ဘေး သို့မဟုတ် အစာရေစာ ရှားပါးပြတ်တောက်မှု အဖြစ်ဆိုးနှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း အမျိုးသား စာရင်းအင်းဗျူရို ဥက္ကဌ Isaiah Chol Aruai က ပြောသည်။

" ကာလရှည်ကြာလတဲ့ ပဋိပက္ခ စစ်ပွဲတွေကြောင့် စားသောက်ကုန်ဈေးနှုန်းတွေကို ခေါင်ခိုက်သွားစေတယ်လေ၊ ခုတော့ စီးပွားရေး အကျပ်အတည်းအောက် ကျရောက်နေရပါပြီပေါ့၊ ဒါ့အပြင် စိုက်ပျိုးရေးထုတ်ကုန် အထွက် ကျဆင်းသွားတာ၊ နေထိုင်စားသောက်မှုအတွက် ရွေးချယ်စရာ ရှားပါးပြုန်းတီးသွားတာတွေ ဖြစ်နေပါတယ်၊ ဒါကြောင့်လည်း လူဦးရေ ငါးသန်းနီးပါးလောက်က ခုချိန်မှာ အစာငတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်" ဟု ၎င်းက ပြောသည်။

" ခုလို ဒီထုတ်ပြန်ချက်မျိုး ထွက်လာရတဲ့ အဓိက ဇစ်မြစ်အကြောင်းရင်းကို လိုက်တဲ့အခါမှာ ဒီပြဿနာရဲ့မူလအစက လူတွေကြောင့် ဖြစ်ရတာလို့ သုံးသပ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေလဲ ကြည့်ဦးလေ၊ နိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတယ်၊ ဒီလိုအချိန်မှာ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့သွားတဲ့ ဝန်ထမ်းတွေရဲ့ မကြာခဏဆိုသလို တိုက်ခိုက်ခံရတယ်၊ လူသားချင်းထောက်ပံ့မှုပစ္စည်းတွေပါ လုယက်ခံရတာမျိုး ရှိတော့ ခုလို ဆိုးရွားတဲ့ အခြေအနေကို ဆိုက်လာတော့တာပါပဲ" ဟု တောင်ဆူဒန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Eugene Owusu က ပြောသည်။

" ဘာပဲဖြစ်ဖြစ် ဒီအခြေအနေမျိုးမှာ အစိုးရရော၊ အခြားသက်ဆိုင်သူအားလုံးအနေနဲ့ အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရောက်သွားအောင်လို့ ဝိုင်းဝန်းပံ့ပိုးကူညီရမှာဖြစ်ပါတယ်၊ ဒါမှလည်း တကယ့်တမ်း သေရေးရှင်ရေးအကူအညီလိုနေသူတွေကို အချိန်မီ ကူညီကယ်ဆယ်နိုင်မှာပါ" ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

ရေနံကြွယ်ဝသည့် ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဒုသမ္မတ Riek Machar အနေနဲ့ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်ဟုဆိုကာ သမ္မတ Salva kiir ဘက်က စွပ်စွဲခဲ့ချိန်မှစ၍ အကွဲအပြဲများဖြစ်ကာ စစ်ပွဲများအောက်သို့ ကျရောက်သွားခဲ့ရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly