YBS ယာဉ်လိုင်း နံပါတ် ၁၃ ကို ကားလောကတွင် မကြိုက်သည့်အတွက် ချန်ထားခဲ့ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးပြော

YBS ယာဉ်လိုင်း နံပါတ် ၁၃ ကို ကားလောကတွင် မကြိုက်သည့်အတွက် ချန်ထားခဲ့ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈ ။               ။ YBS ယာဉ်လိုင်း နံပါတ် ၁၃ ကို ကားလောကတွင် မကြိုက်ကြသည့်အတွက် မပြေးဆွဲဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

“ ကျွန်မတို့က စတင်ပြေးဆွဲစဉ်ကတည်းကိုက နံပါတ် ၁၃ ကို ချန်ထားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၃ နံပါတ်ကို ကားလောကမှာ မကြိုက်ကြလို့ပါ။ ဒါကြောင့် ၁၃ နံပါတ်မှာ ကားပြေးဆွဲခြင်းမရှိပါဘူး”ဟု ဒေါ်နီလာကျော်က ပြောသည်။

ယာဉ်လိုင်းနံပါတ် ၁၃ ကို ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်မှစပြီး ချန်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါနံပါတ် မပါရှိမှုအပေါ် လူထုက မေးခွန်းထုတ်မှုများရှိခဲ့သည်။

ကားလောကတွင် အချို့ယာဉ်ပိုင်ရှင်များကမူ ယင်းဂဏန်းကို မကြိုက်ကြောင်း YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်ဖြစ်သည့် ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။

 “ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောခဲ့တာလည်း ရှိပါတယ်။ အများမကြိုက်တာ မထည့်ပါနဲ့ ဆိုပြီးတော့ပေါ့။ ဒီ နံပါတ် ၁၃ ကို တချို့ကလည်း ကြိုက်ကြတာပေါ့။ ကံကောင်းတယ်ဆိုပြီးတော့။ အများစုကတော့ မကြိုက်ကြဘူး။ ကံမကောင်းတဲ့ ဂဏန်းဆိုပြီးတော့။ အားလုံးက အတူတူပါပဲ။ ဘယ်ဂဏန်းပဲဖြစ်ဖြစ် အားလုံးက ကံကံ၏ အကျိုးပါပဲ။ ဒါပေမယ့် တချို့ကတော့ အရင်တုန်းက အစွဲတွေပေါ့နော်။ ၁၃ နံပါတ်ကို ကံမကောင်းဘူး၊ အလုပ် မဖြစ်ဘူးဆိုပြီး ရှောင်တတ်ကြတာတွေ၊ မကြိုက်တာတွေများတယ် ”ဟု ကိုတရုတ်လေးက ပြောသည်။ ၎င်းက သူ့အနေဖြင့်တော့ ကံ ကံ၏ အကျိုးသာဖြစ်ပြီး အစွဲမရှိဟု ပြောခဲ့သည်။

လက်ရှိတွင် မူလသတ်မှတ်ထားတဲ့ ယာဉ်လိုင်းကြောင်းများအား  ပြန်လည်ပြင်ဆင် ရေးဆွဲနေသောကြောင့် ယာဉ်လိုင်း နံပါတ်က ၈၁ အထိ ရှိသော်လည်း အများပိုင်စနစ်တွင် အမှန်တကယ်   ပြေးဆွဲနေသော ယာဉ်လိုင်း ၇၉ လိုင်းသာ ပြေးဆွဲနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly