ရေကြောင်းတက္ကစီ (Water Taxi) များ မေလဆန်းတွင် စတင်ပြေးဆွဲရန် ပြင်ဆင်နေ

ရေကြောင်းတက္ကစီ (Water Taxi) များ မေလဆန်းတွင် စတင်ပြေးဆွဲရန် ပြင်ဆင်နေ
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈ ။               ။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ငမိုးရိပ်ချောင်းများတွင် ရေကြောင်းတက္ကစီ (Water Taxi) များ လာမည့် မေလဆန်းတွင် စတင်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ဖော်ဝါရီလ ၁၇ ရက်တွင် ပြောသည်။

 “ ဒီလုပ်ငန်းက နည်းနည်း လုပ်ငန်းကြီးတဲ့အတွက် တင်ဒါယှဉ်ပြိုင်သူ နည်းနည်း နည်းပါတယ်။ ကျွန်တော်တို့လည်း ဒီထဲကနေ အကောင်းဆုံးဝန်ဆောင်မှုကို ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ မေလဆန်းမှာ စတင်ပြေးဆွဲဖို့ ကျွန်တော်တို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ် ”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရေကြောင်းတက္ကစီများ ပြေးဆွဲရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂ ခု တင်ဒါတင်ခဲ့ပြီး ကုမ္ပဏီစွမ်းဆောင်ရည် အများဆုံးနှင့် အကောင်းဆုံးဖြစ်သည့် တင့်တင့်မြန်မာကုမ္ပဏီမှ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

ရေကြောင်းတက္ကစီများ ပြေးဆွဲပါက လှိုင်မြစ်၊ ရန်ကုန်မြစ် တစ်လျှောက်တွင် လှိုင်သာယာ - ပန်းဆိုးတန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၇ ခု ၊ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် ဒဂုံမြောက် - ညောင်တန်းခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခု ကို ရွေးချယ်ပြီးဖြစ်ကြောင်း ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းများကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း လေ့လာထားပြီးဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်မြစ်အတွင်း Water Taxi များ ပြေးဆွဲရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရေကြောင်းတက္ကစီများ ပြေးဆွဲနိုင်ရန်အတွက် ပြေးဆွဲနိုင်ခြင်းရှိ၊ မရှိ လေ့လာစမ်းစစ်မှုများကို ၂ဝ၁၆ ခုနှစ် ဇွန်လမှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ လှိုင်မြစ် ၊ ရန်ကုန်မြစ် ၊ ငမိုးရိပ်ချောင်း နှင့် ပုဇွန်တောင်ချောင်း တို့တွင် ပြုလုပ်ခဲ့သည်။

ခရီးစဉ်များပြေးဆွဲရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းများထဲတွင် ရေယာဉ်များ၏ ကြံ့ခိုင်မှု ၊ စိတ်ချရမှုများကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly