တရားမဝင်သစ် သယ်ဆောင်လာသည့် ရဲတစ်ဦးအား ဖမ်းဆီးထား

တရားမဝင်သစ် သယ်ဆောင်လာသည့် ရဲတစ်ဦးအား ဖမ်းဆီးထား

မုံရွာ၊ ဖေဖော်ဝါရီ ၁၈။              ။ တရားမဝင်သစ်များ သယ်ဆောင်လာသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းဆီးအရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ရဲစခန်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် မြတောင်ရဲကင်းစခန်းမှူး၊ ထီးချိုင့်မြို့နယ်သစ်တောဌာနမှ တောအုပ် တို့သည် ဧရာဝတီတံတား(ထီးချိုင့်)၊ မြတောင်ဘက်ကမ်းမောင်းတံဂိတ်၌ ယခုလ ၁၆ ရက်နေ့က လုံခြုံရေး ဆောင်ရွက်နေစဉ် ယင်းသို့ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရဲဝန်ထမ်းသည် မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်ကားမောင်းနှင်လာကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် နေ သီဟ(၂၆)နှစ် (ဘ)ဦးသန်းလွင်တို့ လိုက်ပါလာကြောင်း သိရသည်။

၎င်းတို့ မောင်းနှင်လာသော မတ်တူးယာဉ် 7D- . . . . အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် တမလန်းသစ် ဓါးရွှေတုံး(၁၀)တုံး၊ (၀ ဒသမ ၂၈၅၈) တန်၊ ကာလတန်ဖိုး (၇၁၄၅၀)ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲဝန်ထမ်းအား ထီးချိုင့်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်၊ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်ခန့်က ထီးချိုင့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးက ပြောသည်။

တရားမဝင် သစ်သယ်ဆောင်လာသော ရဲဝန်ထမ်းနှင့်သီဟတို့ နှစ်ဦးအား ထီးချိုင့်မြို့မ ရဲစခန်း (ပ)၄၈/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly