မင်္ဂလာဒုံလေဆိပ်လုပ်ကြံမှုတွင် အသက်ပေးသွားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်ကူပြုအဖွဲ့ဝင် ဦးကိုနီ၏ မိသားစုဝင်များ၊ သေနတ်သမားကို လိုက်လံဖမ်းဆီးပေးခဲ့သည့် အဌားယာဉ်မောင်း ကိုနေဝင်း၏ မိသားစုဝင်များ နှင့် မင်္ဂလာဒုံလေဆိပ်မှ အငှားယာဉ်မောင်းများကို ပရဟိတအဖွဲ့များနှင့် ပြည်သူများစုပေါင်းပြီး ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုပွဲကို ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုပွဲသည် နိုင်ငံ့သားကောင်းများကို ဂုဏ်ပြုခြင်းတင်မဟုတ်ဘဲ နောက်ထပ် နိုင်ငံသားကောင်းများ၊ ရဲရင့်သူများ ထပ်မံပေါ်ထွက်ပေါ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စာရေးဆရာထင်လင်းဦး (WISDOM VILLA) ကပြောသည်။
"ဦးကိုနီ၊ ကိုနေဝင်း၊ ဦးကျော်ဦးနဲ့ အဲ့ဒီ အငှားယာဉ်မောင်းတွေဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကျေးဇူးတင်ခြင်းကို ခံထိုက်တယ်။ သူတို့အတွက် သတိတရ ဂုဏ်ပြုခြင်းကို ခံယူထိုက်တယ်ဆိုပြီး ကျွန်တော်တို့ ဒီပွဲကိုပြုလုပ်ခဲ့တာပါ" ဟု ၎င်းက ပြောသည်။
ဂုဏ်ပြုပွဲတွင် ဦးကိုနီမိသားစုဝင်များကို ဂုဏ်ပြုငွေ ကျပ်သိန်း(၂၀၀)ကျော် ပေးအပ်ခဲ့ပြီး ဦးနေဝင်းမိသားစုအတွက် သိန်း(၉၀၀)ကျော် ပေးအပ်ခဲ့သည်။ ထို့အပြင် အငှားယာဉ်မောင်းဦးကျော်ဦးအတွက် ကျပ်သိန်း(၂၀) နှင့် အငှားယာဉ်မောင်းအဖွဲ့ကို သိန်း(၉၀) အသီးသီးပေးအပ်ဂုဏ်ပြုခဲ့ကြသည်။
ယခုကဲ့သို့ဂုဏ်ပြုရန်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက ဘဏ်အကောင့်ထဲသို့ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကိုနေဝင်းသည် သူ့စိတ်ဓါတ်ကို ဖော်ပြသွားတာဖြစ်ကြောင်း၊ ဦးကိုနီကဲ့သို့ ပုဂ္ဂိုလ်မဟုတ်ခဲ့လျင်လည်း သူ့အနေဖြင့် ကူညီမည့်သူမျိုးဖြစ်ကြောင်း အငှားယာဉ်မောင်းဦးနေဝင်း၏ အမျိုးသမီးဖြစ်သူ မစုသက်ခိုင် ကပြောသည်။
“အခုလိုဂုဏ်ပြုနေလို့လည်း သူမှမကြားနိုင်တော့တာလေ” ဟု မစုသက်ခိုင်က ဆက်ပြောသည်။
ဦးကိုနီသည် ဇန်နဝါရီလ (၂၉) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပြင်ဘက်တွင် သေနတ်သမား၏ လုပ်ကြံပစ်ခတ်မှုကို ခံခဲ့ရသည်။ အငှားယာဉ်မောင်းဦးနေဝင်းသည် သေနတ်သမားကို လိုက်လံဖမ်းဆီးရင်း သေနတ်သမား၏ ခုခံမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ အငှားယာဉ်မောင်းဦးကျော်ဦးသည် အခင်းဖြစ်ပွားပြီးသည့်နောက် သေနတ်သမားထွက်ပြေးရန် ကားကိုလုယက်ရာတွင် လိုက်မပို့ဘဲ ပြန်လည်တုံ့ပြန်ခဲ့သူ ဖြစ်သည်။