လာဘ်စားထားသည့် အထောက်အထား ပြသနိုင်ပါက ရာထူးမှ နှုတ်ထွက်ပေးမည်ဟု ဒူတာတေး ပြော

လာဘ်စားထားသည့် အထောက်အထား ပြသနိုင်ပါက ရာထူးမှ နှုတ်ထွက်ပေးမည်ဟု ဒူတာတေး ပြော

ဖေဖော်ဝါရီ ၁၇ ။                        ။ လာဘ်စားထားသည်ဆိုပြီး မိမိအပေါ် စွပ်စွဲထားသူများအနေဖြင့် ခိုင်လုံသည့် သက်သေအထောက်အထားများ ပြသလာနိုင်ပါက လက်ရှိ ရာထူးမှ ထွက်ပေးရန် အသင့်ရှိနေကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောဆိုလိုက်သည်။

၎င်းအနေဖြင့် ဖိလစ်ပိုင် ပီဆို ၂ ဘီလီယံ (ဒေါ်လာ သန်း ၄၀) ကို တရားမဝင် နည်းလမ်းများဖြင့် စုဆောင်းထားသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒူတာတေးက အထက်ပါအတိုင်း တုန့်ပြန်သွားခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေဖြင့် တရားမဝင် ငွေမည်းများ လှို့ဝှက်သိုဝှက်ထားခဲ့ကာ ယင်းတို့ကို တရားဝင်ထုတ်ဖော်နိုင်ခြင်းမရှိကြောင်း ဆိနိတ်တာတစ်ဦးဖြစ်သည့် အန်တိုနီယို ထရီလန်နီက စွပ်စွဲပြောကြားထားခြင်း ဖြစ်သည်။

" ကျွန်တော် ပီဆို ၂ ဘီလီယံလောက် တရားမဝင် စုဆောင်းရရှိထားတဲ့ဆိုတဲ့ကိစ္စမှာ ထရီလန်နီ အနေနဲ့ တကယ်သက်သေပြနိုင်လား၊ အဲဒီလို သက်သေပြနိုင်မယ်ဆိုရင် ကျွန်တော် ရာထူးကနေ ချက်ချင်းတောင် ထွက်ပေးလိုက်ဦးမှာပါဗျာ" ဟု ဒူတာတေးက ပြောကြားသွားပြီး ၎င်းအပေါ် စွပ်စွဲချက်များမှာ ရိုးစင်းလွန်းလှကြောင်း ဝေဖန်သွားသည်။

သမ္မတ ဒူတာတေးအနေဖြင့် လက်ရှိအချိန်တွင် ၎င်း၏ မူးယစ် နှိမ်နင်းရေး စစ်ပွဲကြောင့် ပြည်ပနိုင်ငံများ၏ ဝေဖန်ထိုးနှက်မှုများနှင့် ထပ်တလဲလဲ ရင်ဆိုင်နေရသော်လည်း ပြည်တွင်း၌ ၎င်းအပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်နေဆဲပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly