ရဲဘော်မင်းဌေးအမှု တရားလို ရဲဘော်တစ်ဦး စစ်ဆေးပြီး

ရဲဘော်မင်းဌေးအမှု တရားလို ရဲဘော်တစ်ဦး စစ်ဆေးပြီး

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၇  ။              ။ မတရားအသင်းဖြင့် တရားစွဲဆိုထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေး အမှုတွင် တရားလိုဘက်မှ ဗိုလ်ကြီးဇော်မိုးအောင်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ABSDF အဖွဲ့မှ ရဲဘော် မင်းဌေး၏ အမှုကို ဖေဖော်ဝါရီလ ၁၆ ရက်က ပထမဆုံးအကြိမ်အဖြစ် တရားလို သက်သေတစ်ဦးကို စစ်ဆေးခြင်းဖြစ်သည်။

“တရားလိုအသက်သေကို စစ်ဆေးတယ်။ ဖြစ်စဉ်ကို မေးကြည့်တာပါ။ စိန်လုံဂိတ်မှာ ကားကိုတားတယ်။ ကားထဲမှာ ကိုမင်းဌေးပါလာတယ်။ သူ့ကို စစ်တဲ့အခါမှာ အမှတ်တံဆိတ်တွေ တွေ့ရှိတယ်။ ဘာလုပ်မှာလဲ မေးပြီးတော့ စရဖကို ချက်ချင်း အကြောင်းကြားတယ်။ စရဖ တာဝန်ယူပြီးတော့ ဖြေရှင်းပေးတယ်ဆိုတာပါပဲ”ဟု ABSDF မှ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က   ပြောသည်။

ယနေ့ တရားရုံးစစ်ဆေးမှုတွင် တပ်ရင်း ၁၀ အမှတ်တံဆိပ် ၁၅၀၊ တပ်ရင်း ၁၁ အမှတ်တံဆိပ်က ၁၅၀၊ မြောက်ပိုင်း (မပ) အမှတ်တံဆိပ် ၇၀၊ ကျောင်းသားတပ်မတော် အမှတ်တံဆိပ် ၃၇၀၊ Huawei ဖုန်း စသည့် ပစ္စည်းများတွေ့ရှိကြောင်း တရားလိုသက်သေက ထွက်ဆိုခဲ့သည်ဟု သူက ပြောသည်။

ယင်းအမှတ်တံဆိပ်များသည် ABSDF ဗဟိုမှ တပ်များကို ပေးသည့်အမှတ်တံဆိပ်များ ဖြစ်သည်ဟု သူက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် တရားဥပဒေလမ်းကြောင်းဖြင့် သွားရန် ပြောဆိုခဲ့သဖြင့် ရဲဘော်မင်းဌေး လွတ်မြောက်ရေးအတွက် အချိန်ကြန့်ကြာနိုင်မည်ဟု ဆလိုင်းယောအောင်က ပြောသည်။

“ဒီအမှုကတော့ တရားဥပဒေလမ်းကြောင်းအတိုင်းပဲ ရင်ဆိုင်ရမှာပါ။ ကျနော့်အမြင်တော့ ကြာမယ်လို့ ထင်တယ်။ အချိန်တော့ နည်းနည်းယူရမှာပေါ့။ အဲဒီအခါကြမှာ စီရင်ချမယ်။ မှန်တယ်မှားတယ်ဆိုတာ ကျနော်တို့ အခုအချိန်မှာတော့ ပြောလို့ရတဲ့အခြေအနေ မရှိသေးပါဘူး”ဟု သူက ဆက်လက် ပြောဆိုသည်။

ရဲဘော်မင်းဌေးအား ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)-၂၁ မှ ဗိုလ်ကြီး သက်ဆွေလွင်းက တရားလို ပြုလုပ်ထားပြီး တရားလိုဘက်မှ တရားလို သက်သေ ၁၀ ဦး စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ တတိယအကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ရဲဘော်မင်းဌေးက ကျန်းမာရေးကောင်းမွန်နေကြောင်း လာမည့် မတ်လ ၁ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခံရကာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အကျိုးဆောင်ပေးသည်ဟုဆိုကာ မရားအသင်းပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags