ရပ်နားထားသည့် ပုဏ္ဏားကျွန်းကျောက်တော် ရထားလမ်းပိုင်း ၂၀၁၇ ဧပြီလမှ စတင်ပြေးဆွဲမည်

ရပ်နားထားသည့် ပုဏ္ဏားကျွန်းကျောက်တော် ရထားလမ်းပိုင်း ၂၀၁၇ ဧပြီလမှ စတင်ပြေးဆွဲမည်
ပုံစာ- စစ်တွေ ပြည်တော်သာ ရထားလမ်းပိုင်း ဘူတာရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-RiA)

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၇ ။              ။ ၂၀၁၅ ခုနှစ် ကနေ ရာသီဥတုဒဏ်ကြောင့်  ပျက်စီးသွားရသည့် ရထားလမ်းပိုင်းကြောင့် ရပ်နားထားရသည့် ရထားပြေးဆွဲမှုအား ဧပြီလမှ စတင်၍ ပြေးဆွဲတော့ မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးသွားသည့် ရထားလမ်းမှာ ဂဏန်းတောင်ဘူတာနှင့် ကျောက်တော်ဘူတာအကြား ဖြစ်ပြီး မီးရထားလမ်းမိုင်ဝက်ခန့် နှင့် ကွန်ကရစ်တံတား သုံးစင်း လုံးဝပျက်စီးခဲ့ခြင်းဖြစ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ဘူတာမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာရှစ်ရွာနှင့် ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၀ ရွာ စုစုပေါင်း ကျေးရွာ ၁၈ ရွာတို့ရှိ ပြည်သူများ လိုက်ပါစီးနေသည့် ရထားလမ်းကြောင်း ဖြစ်သည်။

“ကျောက်တော်နှင့် ဂဏန်းတောင် ခရီစဉ်ကြားမှာ ရေတိုက်စားခဲ့မှုကြောင့် တံတားသုံးခု အသစ် တည်ဆောက်ရန်လိုအပ်ပါတယ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပေ ၄၀ အဆင့် တံတားလေးစင်း ပါဝင်ပြီး  ငွေကျပ်သန်း ၁၄၀ သာရရှိသည့်အတွက် တံတား ၁ ခုက မတ်လအကုန်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ တံတားနှစ်ခုအတွက် မတ်လကုန်အကုန်မှာ ရထားဖြတ်နိုင်အောင်   ဆောင်ရွက်ထားပါတယ်။ ဧပြီလဆန်းမှာ ကွမ်းတောင်မှ ကျောက်တော်အထိ တိုက်ရိုက်ပြေးဆွဲနိုင်မှာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကွမ်းတောင်၊ ယိုးတရုတ်ဘူတာ၊ ဂဏန်းတောင်ဘူတာအထိ ပြေးဆွဲပေးရန် ဖေဖော်ဝါရီလ ၁ ရက်နေ့က့ စတင် ပြေးဆွဲနေလျက်ရှိပြီး အဆိုပါရထားသည် အစုန်တစ်ခေါက်၊ အဆန် တစ်ခေါက် ပြေးဆွဲလျက်ရှိပြီး အစုန်နှစ်ခေါက်၊ အဆန် နှစ်ခေါက် ပြေးဆွဲရန်နှင့်ပတ်သက်၍ ခရီးဆုံးကွမ်းတောင်မှ ခရီးဆုံး ကျောက်တော်အထိ မရောက်ဘဲ ကွမ်းတောင်မှ ဂဏန်းတောင် အထိသာ ရောက်ရှိသည့်အတွက် ခရီးသည်အရေအတွက် နည်းပါးလျက်ရှိပါကြောင်း ဦးသန့်စင်မောင်က ထပ်မံပြောကြားခဲ့သည်။

“ပုဏ္ဏားကျွန်းမြို့နယ်ဟာ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်မှာ့ရှိကျေးရွာများတွေနဲ့လည်း နေ့စဉ်နေ့ချင်းပြန် ကူးတို့စက် လှေများ သွားလာမှုရှိနေပါတယ်၊ကျောက်တော် မဟာမြတ်မုနိ ဘုရားသို့ ဘုရားဖူးရန်ဖြစ်စေ၊ဆရာဆရာမကလည်း ဒီရထားလမ်းပိုင်းကို အသုံးပြုကြပါတယ်” ဟု ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူလွှတ်တော်အမတ် ဦးဦးထွန်းမောင်က ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly