ဂျပန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားရန်က ကာကွယ်ရေးတွင် လိုအပ်ပါက နျူကလီးယားလက်နက်ပါ ထုတ်သုံးမည်ဟု အမေရိကန်ကတိပေး

ဂျပန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားရန်က ကာကွယ်ရေးတွင် လိုအပ်ပါက နျူကလီးယားလက်နက်ပါ ထုတ်သုံးမည်ဟု အမေရိကန်ကတိပေး

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၇ ။          ။ အမေရိကန်နိုင်ငံအနေနဲ့ မဟာမိတ်များဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားရန်က ကာကွယ်ရေးအတွက် လိုအပ်ပါက  နျူကလီးယားလက်နက် အပါအဝင် လက်နက်တိုက်ကို အသုံးပြုသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ရက်စ်တေလာဆန်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

“အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ဂျပန် မဟာမိတ်တွေကို ကာကွယ်ပေးရေးမှာ မဖောက်မလွဲ တည်တည်မြဲမြဲရှိနေဆဲပါ။ ကတိကဝတ်ရှိထားတဲ့အတိုင်း ရန်ဘေးတွေကို ကာကွယ်ပေးရေးနဲ့ အမေရိကန်ရဲ့ နျူကလီးယားအင်အားနဲ့ သာမန်ရိုးကျကာကွယ်ရေးစွမ်းဆောင်ရည်တွေကို နောက်ခံပြုပေးထားပါတယ်။”လို့ ဂျာမနီနိုင်ငံ ဘွန်းမြို့မှာ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာ တေလာဆန်က ပြောထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့နေတဲ့ကြားက ဒုံးကျည်ပစ်လွှတ်မှုတွေကို လုပ်ဆောင်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း အမေရိကန်ကုန်းမြေအထိ ပစ်နိုင်စွမ်းတဲ့ လက်နက် စွမ်းရည်မြှင့်တင်ရေးအတွက် နျူကလီးယားစမ်းသပ်မှုနှစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က နောက်ဆုံးစမ်းသပ်ခဲ့တဲ့ဒုံးကျည်က နျူကလီးယားထိပ်ဖူး တင်ဆောင်နိုင်စွမ်းကြောင်း မြောက်ကိုရီးယားက ဆိုပါတယ်။

အဆိုပါ ဒုံးကျည်ဟာ ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ဖြတ်ပျံပြီး ဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး တေလာဆန်၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ယန်ဗြောင်ဆီးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly